Wednesday, 22 August 2012



အိပ်မက်ပန်းချီဒိုင်ယာရီ(၁)

နိုင်ငံရေးမဟုတ် လူမျိုးရေးမစပ် စီးပွားရေးမစွက် လူမှုရေးလည်း မဆိုသာသော ကျနော်ယခုရေးမည့် စာစုသည် ကျနော်၏ personal ဆောင်းပါးသက်သက်သာလျှင် ဖြစ်ပါသည်။ သြဂုတ်လ ၂၁ ရက်မှာမှ အမှတ်တရ ရေးချင်သောကြောင့် ယနေ့တင်ရပါသည်။  မြန်မာ့ဂီတ ဗီဒီယိုစသော အနုပညာတို့ကို စိတ်ဝင်စား ၀ါသနာပါမြတ်နိုးသူ ၊ ကျနော့်အား အထူးတလည် ခင်မင်သူ မိတ်ဆွေများအတွက်သာ ပေါ့ပေါ့ပါးပါး အချိန်ပေးဖတ်လို့ကောင်းမည့်စာ ဖြစ်နိုင်ပါကြောင်းလည်း ကြိုတင် အသိပေးအပ်ပါသည်။ ထို့ကြောင့် ဂီတအနုပညာဟူသည် လူ့ဘ၀မှာ ဘာမျှ အရေးမကြီး၊ အရည်မရ အဖတ်မရဟု ထင်သူများ အတွက်တော့ ဆက်မဖတ်လျှင်ကောင်းပါမည်။  ဖတ်လိုသည်ဆိုလျှင်တော့.....။


ကျနော်သည် မနှစ်က ၂၀၁၁ခု သြဂုတ်လ(၂၁)ရက်တွင် စင်ကာပူ Hill Street တရုတ်ဘုံကျောင်း ခန်းမမှာ ကျနော်၏ဘ၀အတွက်ပထမဆုံး အမှတ်တရ မြန်မာသံသီချင်း ဒီဗွီဒီအခွေထုတ်ဝေခြင်း မိတ်ဆက် အဖြစ် စင်ကာပူရှိမိတ်ဆွေများ အား ဘိတ်ကြားပြီး ပရက်စ်ရှိုးဆန်ဆန် ကျင်းပခဲ့ပါသည်။ တနှစ်လည်သော ယနေ့ တွင် ထိုစီးရီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီခဲ့သူအပေါင်းအား ကျေးဇူး တင်သော အမှတ်တရအဖြစ် ထိုဆီးရီးဖန်တီးခဲ့စဉ်က အကြောင်းအရာများကို စိတ်ဝင်စားစဖွယ် ဒိုင်ယာရီဆန်ဆန် (ဒဏ္ဍာရီဆန်ဆန်မဟုတ်ပါ) ရေးသားလိုက်ပါသည်။  
ယခုနောက်ပိုင်း စင်ကာပူနေလူငယ်လေးများ သီချင်းဆိုနေ ရိုက်နေကြပြီဟု သိရသော်လည်း စင်ကာပူမှာ ကျနော်က ပထမဆုံး တကိုယ်တော်မြန်မာသီချင်းဗွီဒီယိုဆီးရီး MTVစတင် ကြိုးပမ်းထုတ်ဝေခဲ့သူ ဟုယူဆပါသည်။ သို့ကြောင့်လည်း သည်စာစုဖြင့် မှတ်တမ်းတင်လိုခြင်း ဖြစ်ပါသည်။ သည်လောက် အလုပ်များတဲ့ အချိန်မရှိတဲ့ စင်ကာပူမှာ အမ်တီဗွီဆီးရီး ဘယ်လို လုပ်ခဲ့သလဲဟု မေးခဲ့သူများ အတွက် အဖြေဟုလည်းဆိုနိုင်ပါသည်။
ကျနော်သည်ငယ်စဉ်ကတည်းက အနုပညာ(ဂီတ-အဆို)ပိုးကြီးမားကာ မြန်မာသီချင်းများကို ချစ်ခင် စွဲလန်းခဲ့သော်လည်း၊ ဂီတနယ်မှာ ဆက်စပ်မှုများရှိသော်လည်း၊ အကြောင်းကြောင်းကြောင့် (အဓိကက ငွေကြေး) သီချင်းဆီးရီး မထုတ်နိုင်ခဲ့ပဲ ပွဲလမ်းများမှာ အပျော်ဆိုကာသာ ကျေနပ်ခဲ့ရသည်။ (အသက် ၂၀ကျော်တွင် မြန်မာ့အသံမှာသီချင်းကြီးအချို့နှင့် ရုပ်မြင်သံကြားမှာ ခေတ်ဟောင်းတေးများ ၃-၄ ပုဒ်ဆိုလွှင့်ခဲ့ဘူးပါသည်)။ စင်ကာပူရောက်လာတော့ ဂီတမိတ်ဆွေများနှင့်တွေ့ကာ ပွဲလမ်းများတွင် ဆိုဖြစ်ခဲ့သပေါ့။ အသက် ၅၀ပြည့်သောနှစ်၊ အချိန်ခက်ခဲသော စင်ကာပူဘ၀ မှာကျမှ တေးစီးရီး ထုတ်ရန်အကောင်အထည်ဖော်ဖြစ်ခဲ့ပါသည်။ ချန်လှပ်ထားမရသည်များမှာ ၂၀၀၀ ခုနှစ်တွင် စင်ကာပူမှ ရန်ကုန်ခဏပြန်စဉ် တေးဆီးရီးထုတ်ရန် အသေးစိတ်တိုင်ပင် စီစဉ်ပြီးကာမှ စန္ဒရားဦးလှထွဋ် ရုတ်တရက် ကွယ်လွန်သွားခြင်းကြောင့် အစီအစဉ်အစစ ပျက်ပြားသွားခဲ့ရခြင်း၊ ဆယ်နှစ်အကြာ ၂၀၁၀ခု ရောက်မှ ငယ်စဉ်ဒေသကောလိပ်တုန်းက ဆရာ ဦးရဲမြင့် (တေးသံရှင်ကျော်မြတ်သူ..ယခု သင်္ဘောအင်ဂျင်နီယာ) က စင်ကာပူရောက်ခဏလာစဉ် ၂၀၁၀ခု ဆင်ဘာဝမ် တန်ဆောင်တိုင်မှာ ကျနော်နှင့် နန်းခင်မွှေး စုံတွဲသီဆိုနေသည်ကိုတွေ့သွား၊ စင်ပေါ်ကအဆင်းမှာ နှစ် ၃၀ မက ကွဲကွာနေသော တပည့်ကျနော်အား လာစောင့်စကားပြောရင်းက တိုက်တွန်းအားပေးခဲ့ခြင်း တို့ကို ဖော်ပြရ မည်ဖြစ်ပါ သည်။ သိုနှင့် ဆရာ၏တိုက်တွန်းမှုကြောင့် ဆရာဖွင့်ထားသော စတူဒီယိုလေးမှတာဝန်ခံ ရန်ကုန်နေ ကီးဘုတ်ဆရာ ကိုကျော်စိုးနိုင် (မယ်လိုဒီဝေါလ်)နှင့် အီးမေးဖြင့်စတင်ဆက်သွယ်ကာ လုပ်ငန်းစဖြစ်ခဲ့သည်ဆိုပါစို့။ အားလပ်ချိန် အလွန်ရှား အလုပ်များသည့်ကြားက မဖြစ်ဖြစ်အောင်လုပ်မည်ဟုဆုံးဖြတ်ချက်ချခဲ့ပါသည်။
မြန်မာသံသီချင်းကောင်းအသစ်ရေးပေးမည့်သူကို ရရှိရန်ခက်ခဲလွန်း၍ သီချင်းအဟောင်းများ ကိုပင်ပြန်ဆို ရန် တွေးတော့ ကျနော်က ဘယ်သံ အသံလုံးကြီးသောကြောင့် မိမိကြိုက်သည့်သီချင်းတိုင်း ဆိုလို့မသင့်ပဲ လိုက်ဘက်မည့် သီချင်းများကိုသာရွေးချယ်ရသည်။ ၁၉၇၀-၈၀ ၀န်းကျင်က ကျော်ကြား ခဲ့သော ရေဒီယိုနှင့်ရုပ်ရှင်သီချင်းများ။ ကိုကျော်စိုးနိုင်အား တေးရေးသူများ သို့မဟုတ် ကျန်ရစ်သူ ဆွေမျိုးများအား ရှာဖွေ ၀ယ်ယူစေခြင်းက စခဲ့ရပါသည်။ ကျနော်ရွေးခဲ့သောသီချင်းများက အိပ်မက်ပန်းချီ အလှပျို(၀င်းဦး)၊ ရွှင်လန်းချမ်းမြေ့ပါစေ (ညွန့်ဝင်း)၊ မြင်းမိုရ်ထက်မြင့်သော(နီနီဝင်းရွှေ)၊ ပြန်လည် ဆုံစည်းကြမယ် အချစ်ရယ် (စန္ဒရားချစ်ဆွေ)၊ တကမ္ဘာခြားလည်းချစ်နေမယ်(ကိုမင်းနောင်)၊ ပိတောက်ချစ်သူ(ဇော်ဝမ်း+မာမာအေး)၊ သဇင် (ဇော်ဝမ်း)၊ အထီးကျန်အရုပ်ဆိုး(ဇော်ဝမ်း)၊ ဝေးပြီ (စန္ဒရားလှထွဋ်)၊ မျက်ဝန်းမှတဆင့် (၀င်းဦး+ရီရီသန့်)၊ ဆည်းဆာ (မာမာအေး) ၊ လွမ်းငွေ့တဝေေ၀(မာမာအေး)တို့ဖြစ်သည်။ တေးရေးခက သတ်မှတ်ချက်မရှိပဲ သူတို့ တောင်းသလောက်ဖြစ်သည်။ အောက်ထစ်ကတော့ တပုဒ် ၅သောင်း။  ငွေရပြီးနောက် တေးရေးသူ များ၏ခွင့်ပြုချက်ရတော့ ဂီတအစည်းအရုံးကိုရန်ပုံငွေပေးကာ စာပေ စိစစ်ရေးကို စာသားများလျှောက်လွှာ ကြိုတင်ရသည်။ (ယခုတော့ ထိုအဆင့်တွေ လျှော့သွားပြီ လားမသိပါ)။ နာမည် ရွေးတော့ (အောင်ခိုင်) ဟုသာ ကျနော်နှစ်သက်သလို လျှောက်လွှာတင်ပြရာ ရုပ်ရှင်လူကြမ်း ကိုအောင်ခိုင် ရှိနှင့်နေယုံမက သူကပါ မြန်မာသံသီချင်းများ စဆိုနေသောကြောင့် (မင်းအောင်ခိုင်)ဟုပြောင်းပေးလိုက်ပါသည်။ မင်း ဟူသော စာလုံး လေးကို နှစ်သက်သောကြောင့်ပါ။ မွန်လူမျိုးမဟုတ်ပါ။ ကာကွယ်ရေးဘက်ကလူကြီး တယောက်နှင့် အမည်ဆင်နေသည်ကို နောက်မှ သတိရလာသော်လည်း မပြင်ချင်တော့ပါ။
ကျနော့်သီချင်းများက မြန်မာသံနှင့်ဘိုသံရောနှော နေသော ကြောင့် စိတ်ချ၇သော ကြေးစား တူရိယာ ပညာရှင် စုံလင် သော ရန်ကုန်မှာပဲအသံသွင်းရန်ဆုံးဖြတ်ခဲ့သည်။ (စင်ကာပူမှာ ကူညီ တီးပေး မည်ဟုပြောသောသူငယ်ချင်းများရှိပါသည်။ သို့သော် တယော ဗုံ နှဲ ကအစ သပ်ယပ်ပါ့ မလား၊ အသံသွင်း သောအခါ စလုံးအင်ဂျင်နီယာနှင့်ဖြစ်ပါ့မလားဟု တွေးပူခဲ့ ရိုးအမှန်။)။ သို့နှင့် သီချင်းပုဒ်ရေ စာသား ကီး အကြော့ အတီးပိုဒ်များပါမကျန်  အသေးစိတ် ကိုကျော်စိုးနီုင်နှင့် (လူချင်း လုံးဝမတွေ့)ပဲ အီးမေး+ဖုန်း ဖြင့်သာ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး သူ့ထံက အတီးချည်း အခွေကို ၂၀၁၀ ဒီဇင်ဘာလကုန် ခန့်မှာ လူကြုံနှင့် စီဒီနှင့် ရရှိခဲ့ပါသည်။ ကျနော် အဆိုကျင့်နှင့်ရန်။  နားထောင်ကြည့်သော် အတီးက အလွန်ကျေနပ်စရာ ကောင်း လှပါသည်။ ကျနော်က ချေးများသည်။ မြန်မာသံနေရာ မြန်မာဆန်မှ။ ဗိုလ်သံနေရာဆို လည်း ပီပြင်စွာမြူးမှ။ ထို့နောက် ရက်ရှည်အားလပ်နိုင်သော တရုတ်နှစ်ကူးရက် (၂၀၁၁ ဖေဖော်ဖော်ဝါရီ ၁-၁၀)ကို အလုပ်မှာလည်း ခွင့်ကြိုယူ။ လေယာဉ် လက်မှတ်လည်း အစောကြီး ကြိုဝယ်။ စတူဒီယိုကိုလည်း ဘွတ်ကင်ကြိုလုပ်။ အစစ နှစ်လ ကြိုစီစဉ်ခဲ့သည်။
စုံတွဲဆိုရန်တေးသံရှင် အမျိုးသမီး ၃ဦးနှင့်ဆက်သွယ်ရသည်။ သီချင်းနှင့် လိုက်ဘက်သော ကျနော်ကြိုက် သောသူများ။ ပိတောက်ချစ်သူအတွက် ဒေါ်နွဲ့ယဉ်ဝင်း။ ပြောဆို ကြည့်တော့ အဆင်ပြေသည်။ မျက်ဝန်းမှ တစ်ဆင့်အတွက် ဒေသကောလိပ် ကျောင်းသားဘ၀က ငယ်သူငယ်ချင်း စိမ်းမို့မို့။ အထူးပြောစရာ မလို။ သူက၀မ်းသာအားရသဘောတူသည်။ ဆည်းဆာ (မူရင်း မာမာအေး တကိုယ်တော်) ကိုစုံတွဲပြုပြင် တီထွင်ဆိုချင်တော့ ငယ်စဉ်ကတည်းက ဖေးဘရိတ် စွယ်စုံရ အဆိုတော် မေဆွိကို ရွေးချင်သည်။ သူ့အသံ ချိုချို စူးစူးနှင့်လိုက်မည်။  သို့သော် အမေရိကမှာ နေသူကို ဆက်သွယ်ဖို့ အတူအသံသွင်းဖို့က  အတော် ခက်သည်။ အိပ်မက်ဆန်လှသည်။ နောက်ဆုံး အမေရိကနေ ငယ်သူငယ်ချင်း ကိုသိန်းဆွေ (ကီးဘုတ်)ကဖုံးနံပါတ်ပေးရာက အဆက်အသွယ် ရခဲ့သည်။ ဖုန်းထဲက မိမိဘာသာ မိတ်ဆက်ကာ ရှင်းပြရသည်။ မေဆွိကလည်း တော်ယုံနှင့်တော့ စုံတွဲဆိုရန်ခေါင်းမညိတ်။ သည်တော့ကျနော်အိမ်မှာ အပျော်ဆိုသွင်းထားသော သီချင်းများကို အမ်ပီ၃ဖိုင် ဖြင့် အီးမေးလ်ဖြင့်ပို့ကာ နားထောင်စေပြီးမှ သဘောတူခဲ့သည်။ ဒေါ်မာမာအေးမူရင်းသီချင်းကို လည်း ကီးတထပ်တည်း ကျနော်ထပ်ဆိုပြီးပို့ပေးရသည်။ ဖုန်းခဏခဏဆက်ရတိုင်ပင်ရသည်။ အစစ အဆင်ပြေလှအောင် ခေတ်မီလာသောနည်းပညာများအတွက် ဂရဟမ်ဘဲလ်၊ ဘီလ်ဂရိတ်နှင့် တကွ ပညာရှင် အားလုံးကိုကျေးဇူးတင်ရပါသည်။ သို့သော် ဘယ်မှာ ဘယ်လိုအတူ အသံသွင်းကြမည်ကို မဆုံးဖြတ်နိုင်သေး။ သူမက CENTURY CONCERT အတွက် စင်ကာပူလာဖို့ ရှိသော်လည်း တိုက်တိုက် ဆိုင်ဆိုင် ထိုရက်များမှာ ကျနော်က ရန်ကုန်မှာ အသံသွားသွင်း ရန်စီစဉ်ထားပြီးဖြစ်နေသည်။ သည်တော့ အတူတူဆို သွင်းဖို့မလွယ်တော့။ သူမ နေရာမြို့မှာ စတူဒီယိုကောင်းကောင်း မရှိသဖြင့် နယူးယောက်သို့သွားသွင်း ရမည့်အနေ။ အတော်အဆင့်များနေသည်။ ထားလိုက်။ နောက်မှ ကြည့်စီစဉ်မည်။

သရုပ်ဆောင်ကိစ္စ။

ခုခေတ်မှာ အော်ဒီယိုချည်းထုတ်မရတော့။ ထိုအခါ စဉ်းစားရသည်က သရုပ်ဆောင် များကိစ္စ။ ငွေတွေ သိန်းရာချီအကုန်ခံနိုင်တောင်မှ ကိုယ်တိုင်ရန်ကုန်မသွားပဲ ဒါရိုက်တာ ထုတ်လုပ်သူ တယောက် ယောက်ကိုအပ်ပြီး မင်းသားမင်းသမီးများကို မျက်နှာလွှဲခဲပစ် သရုပ်ဆောင်ခိုင်းတာမျိုး မလုပ်လို။ မိမိအိုင်ဒီယာဖြင့်သာလည်း တင်ပြချင်သည်။ ငွေလည်းမတတ်နိုင်။ မဖြုန်းလို။  ရုပ်ချောသော် လှသော်လည်း မိမိမသိသော မရင်းနှီးသော စင်ကာပူရှိ တစိမ်းလူငယ်များကို အကူအညီမတောင်းလို။ အလုပ်လုပ်ရာတွင် ပြေလည်မည်မဟုတ်။ လူသိရှင်ကြား ဟိုးလေးတတကြော်လည်း မဖြစ်ချင်။ ထို့ကြောင့် စင်ကာပူရှိ လူနိုင် လူရင်း ၀ါသနာပါသူလူငယ်များကိုပဲ အကူအညီ တောင်းရန် ဆုံးဖြတ်ခဲ့သည်။ အလုပ်ထဲမှာ အပြင်မှာ ခင်မင်နေသော ညီညီမ တူတူမ အရွယ်လူငယ် လေးများရှိသည်။ ကျနော်တို့စင်ကာပူ ဘူမိဗေဒမိသားစု မိတ်ဆုံပွဲမှာ ဖျော်ဖြေရေး တာဝန်ကျနော်ယူရတော့ ပြဇာတ်တထုပ်ရေးကာ သရုပ်ဆောင်စေခြင်းကစလို့သူတို့တွေလည်း အနုပညာမှာ ၀ါသနာပါ စိတ်ပါခဲ့ကြသည်။ ကျနော့်စေတနာတခုက သူတို့အတွက် လည်း သူတို့ဘ၀မှာ အမှတ်တရဖြစ်စေမည်။ ဇာတ်ညွှန်းများကို သီချင်းအလိုက်သင့်တော်အောင် ကိုယ်တိုင်ရေးသည်။ စင်ကာပူမှာရိုက်ရ မည်ဖြစ်သော်လည်း အတတ်နိုင်ဆုံး မြန်မာ အငွေ့အသက် ရအောင် ကြိုးပမ်းရန် ရည်ရွယ်ခဲ့သည်။ ကင်မရာမင်းက အလုပ်ထဲက ကျနော်၏ လက်ထောက် ဆိုသော်လည်း သူငယ်ချင်းလို ဖြစ်နေသော အင်မတန်စိတ်ရှည်ကာ ဗွီဒီယိုရိုက်ကူး တည်းဖြတ် ၀ါသနာကြီးသော ကိုအောင်နိုင်ကျော်ကိုရွေး ချယ်ခဲ့သည်။
ကျနော်ဆန္ဒစောပုံများ။ ဖေဖော်ဝါရီလ ရန်ကုန်သွား အသံမသွင်းခင် အချို့ရိုက်ကူးရေးများကို ပြီးတန် သလောက်ကြိုပြီးအောင် စထားခဲ့ချင်သည်။ ဒါမှ ရွှေရတုမွေးနေ့အမှီ အခွေထွက်နိုင်မည်။  ထို့ကြောင့် ခရစ်စမတ် ဒီဇင်ဘာ(၂၅)ရက်နှင့် နှစ်သစ်ကူး ဇန်န၀ါရီ (၁ရက် ၂ရက်) ပိတ်ရက်တွေကို အကျိုးရှိရှိသုံးရန် ရိုက်ကူးရန်စီစဉ်ခဲ့သည်။ သည်မှာ ဆန္ဒစောခြင်း၏ရလာဒ်စပါတော့သည်။ သီချင်းတပုဒ်ချင်းရိုက်ကူးခဲ့ ပုံများကို နည်းနည်းစီဖော်ပြပါမည်။
သဇင်....။ ခရစ်စမတ်နေ့မှာ ရုက္ခဗေဒ ဥယျာဉ်မှာ သဇင်သီချင်းကိုစရိုက်သည်။ တချိန်က ဇော်ဝမ်း၏ နာမည်ကျော်ရုပ်ရှင် စေလိုရာစေ ဇာတ်ကား ထဲက။ သရုပ်ဆောင်များက အလုပ်ထဲက Geologist ညီလေးများဖြစ်သော ဖြိုးကိုကို၊ ထွန်းပြည့်စုံ နှင့် သမီးငယ် ဆုမြတ်ဝေ။ အဓိပ္ပါယ်အရ ကောင်မလေးနှင့် အမျိုးသား တယောက်က အဆင့်မြင့် ၊ နောက်တယောက်က ပင်မြင့်ထက်ကသဇင်ပန်းကိုလှမ်းမမှီသဖြင့် မျက်နှာငယ်ရသူ။ စင်ကာပူရီယန် အလုပ်ရှင်(အသားဖြူဆွတ်နေသောဖြိုးကိုကို) က မိမိတိတ်တခိုး ချစ်နေရသူ သူငယ်ချင်း သဇင်အား သဘောကျသဖြင့် မိတ်ဆက်ပေးရာက အသည်းကွဲ စွန့်လွှတ်လိုက်ရသော ကျန်ရစ်သူအဖြစ် လူငယ်ဟန် အပြည့်ရှိသူ ထွန်းပြည့်စုံ (အောင်ပြည့်စုံ)က မျက်နှာငယ် လေးဖြင့် သရုပ်ဆောင်ပေးသည်။ ခက်တာက သူ့မျက်မှန်ကိုချွတ်မရ။ ချွတ်လျှင်ဘာမှမမြင်ရဆိုတော့ မတတ်နိုင်။ မင်းသမီး ဆုမြတ်က မျက်နှာ တင်းတင်းနှင့် အံဝင်ဂွင်ကျ။
သို့သော် ဆုမြတ်၏ အမျိုးသား ကိုဟန်မျိုးနောင် နှင့် မိခင်ကြီးပါ ပါလိုက်လာတော့မင်းသား ဖြိုးကိုကိုက အားနာ အနေရခက်။ မိုးတွေကရွာချ။ ရေကန်နားက အမိုးဖြူကြီး အောက်မှာ မိုးခိုရင်း ထွန်းပြည့်စုံကို ဂီတာလေးတီးစေကာ အလွမ်း ရုပ်ရိုက်သည်။ (ပြန်ကြည့်တော့ ဂီိတာကော့ များမကိုင်တတ်သည့်အပြင် မျက်နှာက ပြုံးစိစိ ဖြစ်နေသဖြင့် သုံးမရလိုက်)။  ရွာကျနေသော မိုးဖွဲများကိုမော့ကြည့်သောအခန်းကတော့ အဆင်ပြေသွားသည်။ တကယ်တော့ ပြောသ လောက် မလွယ်ပါ။ တကယ့်ဝါရင့်တွေမှမဟုတ်တာ။ ကျနော်ကလည်း ကြေးစားဒါရိုက်တာကြီးမဟုတ်၊ ကိုအောင်နိုင်ကျော်ကလည်း ကင်မရာမှာ ဇွန်း(Zoom) ကြီးတကားကားနှင့် အတတ်နိုင်ဆုံး ကြိုးစား ရိုက်ပေးပါသည်။ ဆုမြတ် ၀တ်သော အသားကပ်ဘောင်းဘီက နည်းနည်း ကျပ်လွန်းသဖြင့် ဆင်ဆာမှာ အဆင်ပြေပါ့မလား စိုးရိမ်ခဲ့ရသေးသည်။ အပိုလဲစရာလည်းမပါလာ။
အထီးကျန်အရုပ်ဆိုး....။ သည်သီချင်းက စန္ဒရားဦးလှထွဋ်ရေးကာ ဇော်ဝမ်းဆိုခဲ့သော ရေဒီယိုတေး။ သည်သီချင်းကိုလည်း တနေ့တည်း ရုက္ခဗေဒဥယျာဉ်မှာပင် ရိုက်ဖြစ်သည်။ စာသားက စထွက်ကတည်းက  ဖြူနီညိုပြာစိမ်းဝါတွေ ခြယ်သောအခါ ရောင်စုံဖြာ လှလိုက်တာ လူတွေဆိုကြတာ...ဆိုတော့ ပန်းပေါင်းစုံသော သည်နေရာနှင့် အသင့်တော်ဆုံး။ မင်းသားက မျိုးညွန့်ဒွေး။ သူကအရုပ်ဆိုး လို့တော့မဟုတ်ပါ။ အသားညိုညိုညက်ညက် အရပ်မြင့်မြင့် မြန်မာဆန်ကာ မျက်နှာတည်သူမို့ အဆင်ပြေမည်ဟုထင်ရသည်။ သူ့အတွက် စာသားအရ (ဂီတာအိုတလက်နဲ့သာ အဖော်ရှာရတာ..) ဆိုတော့  ဂီတာကြီးကိုလည်း သယ်ရသည်။ အ၀တ်အမျိုးမျိုးလဲစေကာ ဂီတာကိုတီးကာ ထမ်းကာ ထိုင်ကာ ထကာမှိုင်ကာငေးကာဖြင့် နေရာစုံအောင်ရိုက်ရသည်။ ဒွေးက ရေကန်စပ်မှာ ထိုင်ကာ ဘဲအစစ်နှင့် ကြေးဘဲရုပ်လေးတွေကို ရေနဲ့ လှမ်းတောက်နေစဉ် နံဘေးနားက ရွှေမလေးတွေဖြတ်သွားတော့ လှမ်းနောက်ကြသေးသည်။ စာသားအရတကိုယ်ရေအထီးကျန်နေသဖြင့် မင်းသားက ဘာမှလုပ်စရာ သိပ်မလို၊ မျက်နှာ တည်တည်ဖြင့်နေယုံသာ။ ဒါတောင် သူလည်း ဂီတာတီးခန်းမှာ ပြုံးစိစိလုပ်သေးသည်။ စိတ်ကူးထဲက မိန်းကလေးအတွက် သမီး ဆွီိတီကို သရုပ်ဆောင် စေသည်။ (ဘ၀စိုပြည်စရာ အလှလိုနေတာ အလှဆိုတာ အဖော်ပဲဖြစ်မှာ...)  ဖြတ်လျှောက်ယုံ။ အဆင်ပြေသည်။ စာသားနှင့်အရုပ် အချိန်မလောက်မှာစိုးသဖြင့် ပိုပိုသာသာ ရိုက်ထားရသည်။ သို့သော် အစိမ်းရောင်တွေကများနေသဖြင့် တခြား တနေရာရာရှုခင်းများမှာ ဖြည့်စွက်ရိုက်ဦးမည်ဟုရည်ရွယ်ခဲ့သည်။ ခရစ်စမတ်နေ့အတွက် သီချင်း၂ပုဒ်စာ အခန်း အချို့သာပြီးခဲ့သည်။
မျက်ဝန်းမှတဆင့်...။ ဟူုသော တချိန်က နာမည်ကျော် စုံတွဲသီချင်းမှာ ကောင်လေးက ကောင်မလေးကို ခရေပန်းလေးပန်ပေးခြင်းက အဓိကပါနေသည်။ ပြလည်းပြချင်သည်။ စင်ကာပူမှာ ခရေပန်းမရောင်း။ ခရေပင်များရှိ သော်လည်း ကိုယ့်အနီးအနားမှာမရှိသလို မနက်ဆို တံပျက်လှည်း သွားသောကြောင့် ပန်းအကြွေတွေ တကူးတကန့် ကောက်ကာ သီကုံးဖို့မလွယ်။ သည်တော့ အတုဝယ်ရန် ဒီဇင်ဘာ ၃၀ရက်ညဂျူတီဆင်းအပြီး အိပ်ရေးဝအောင်ပြန်မအိပ်နိုင်သေးပဲ ၃၁ ရက်နေ့နေ့ခင်း နေပူပူမှာ စီရန်ဂွန်းရှိ ကုလားတန်း ပန်းဆိုင်များမှာလျှောက်ရှာသည်။ စံပါယ်တွေသာများ နေသည်။ ခရေမတွေ့။ နေကအရမ်းပူသည်။ ထိုစဉ်ရုတ်တရက်မိုးသဲသဲ ရွာချသည်။ ထီးမရှိသဖြင့် နီးရာ အမိုးရောက်ရန်ပြေးရင်း မိုးမိသည်။ တကိုယ်လုံးရွဲသည်။ မိုးစဲတော့ အနားက တက်ကာမောလ် အပေါ်ဆုံးထပ်မှာ ခရေနှင့်တူသော ပန်းဝါညိုညို သေးသေးလေးများကိုဝယ်ကာ ပြန်ခဲ့သည်။ အိမ်ရောက်တော့ ကိုယ်ခြစ်ခြစ်တောက်ပူနေပြီ။ သမီးကို ပန်းကုံးသီရန်မှာကြားပြီး ဆေးသောက်စောင် ခြုံကွေးတော့သည်။ ပြီးတော့ ညဂျူတီပြန် ဆင်းရသည်။
နောက်နေ့ ၁ရက်နေ့ တရေးအိပ်ပြီး ညနေပိုင်းမှာ အချိန်ရှိခိုက်လုံ့လစိုက်။ ထွန်းပြည့်စုံ ဒွေးနှင့် ကိုအောင်နိုင်ကျော်ကို ချိန်းဆိုပြီး အိမ်ခေါ်ကာ အိမ်ထဲနှင့် အိမ်နားတ၀ိုက် လှည့်ပတ်ရိုက်လိုက်ပြန်သည်။ အထီးကျန်အရုပ်ဆိုးနှင့် သဇင်အတွက် ဒွေးဂီတာတီးသောအခန်းများနှင့် ထွန်းပြည့်စုံ ကောင်မလေးကို ဖုန်းဆက်သောအခန်း။ (သဇင် သီချင်း အတီးပိုဒ်မှာထဲ့ရန်)။ HDB တိုက်ခန်းများဝန်းကျင်ကိုလည်း ပြချင်သဖြင့် စုံအောင်လှည့်ပတ်ထဲ့ရိုက်ရသည်။ ဘီဒုတ်မြောက်၏တောင်ကုန်းလေးပေါ်မှာ။ သူတို့တတွေ Aljunied, Eunos စသောနေရာများမှာနီးနီးနားနားနေကြသည်ကို ကျေးဇူးတင်ရသေးသည်။ (ဓါတ်ပုံလေးများကို နောက်အပိုင်းများတွင်ဖော်ပြပေးပါမည်)
ညဘက်မှာ ကိုင်ရိုက်ခံထားသလိုနာကျင်ကိုက်ခဲ ခေါင်းတွေမူးနေသော်လည်း နောက်နေ့မှာ ရိုက်ဖို့  အားလုံးကို ချိန်းထားပြီးပြီလေ။
မျက်ဝန်းမှတဆင့်...။
နောက်နေ့ ၂ ရက်နေ့မနက်။ အလွန်ဖျား နေပြီ ဖြစ်သော်လည်း အားလုံးကိုချိန်းထားပြီးပြီမို့မဖျက်လိုတော့ပဲ စရိုက်ကြသည်။ ဆီလက်တာ ရေလှောင်ကန်ကြီးနားက ခရေပင်မြင့်ကြီးတွေ အောက်နှင့် ရေကန်နံဘေး တ၀ိုက်မှာ။ သီချင်းမှာ ပါသူရော မပါသူရော တပျော်တပါးအတူ သွားကြသည်။ မင်းသားက မျိုးညွန့်ဒွေး ပင် ။ သူက ရန်ကုန်ပြန်စရာရှိသောကြောင့် သူပါ သောသီချင်းကို ပြတ်အောင်ရိုက်နှင့်ရသည်။  မင်းသမီးက ဇင်ဇင် (အောင်ကျော်ခိုင်၏ အမ)။ သူတို့ကို မြန်မာလိုဝတ်စားထုံးဖွဲ့စေပြီး မနေ့က သမီးလေး သီပေးလိုက်သော ခရေပန်းကုံးနှင့်။ (လှသထက်လှအောင်ပဲ ခရေကုံးလေးကို ပန်ပါကွယ် ..ပိုလှတယ် ညိုမြရယ် ခရေပန်ဦး ထုံးကြော့နွယ်... အိုလှတယ်လား ထပ်ပြောစမ်းပါဦးတော့မောင်ရယ်..ပန်းကပဲ လှတာလား လူကလှတာ လားကွယ်..) နှစ်ဦးလုံး မရှက်ကြပဲ အဆင်ပြေပြေ သရုပ်ဆောင်ကြ ပါသည်။ ဘေးကနေ ကျနော်က သီချင်းစာသားကို ဆိုပေးရသည်။ အောင်ကျော်ခိုင်၊ ထွန်းပြည့်စုံနှင့် ဖြိုးကိုကိုတို့က မီးထိုးမှန်ထိုး။ သီချင်းတကြော့ကို မြန်မာဆန်ဆန်  ကျန်တ၀က်ကို ခပ်လန်းလန်းရိုက်မည် ဖြစ်သဖြင့် နေ့လည်တွင် Chinese Garden park သို့ကူးကြသည်။ ဒွေးကတီရှပ်နက် ဂျင်းပင်န်၊ဇင်ဇင်ကလည်း ဘလောင်နက် စကပ်ရှည်ဖြူ ဆံပင်ဖားလျားချလို့။ (ခရေပန်းလေးပန်းအဖွေးသား စမ်းနံဘေးနား အတူလျှောက်လည်...) နေရာအတွက် ပန်းခြံထဲက စမ်းချောင်းလေးထဲက ကျောက်တုံး တွေပေါ် ဖေးမ ပြေးလွှားနေသည်ကိုရိုက်ရသည်။ ကျနော်က စာသားတခုချင်းကို အနုအရွပြချင်လွန်းသောကြောင့် ကဒ်အများကြီးဖြစ်နေခဲ့ရပါသည်။
မေခင်ကျနော့်အချစ်တော်....၊။ ထိုနေ့မှာပင် အောင်ကျော်ခိုင်နှင့် သူ့ဇနီးသီရိတို့အားလည်း ၀င်းဦး၏ သီချင်းအမြူးလေးအတွက် ပန်းခင်းတွေကြားရိုက်ခဲ့ရသေးသည် ။ လင်မယားဖြစ်နေသောကြောင့် ကြောင်ခြင်း ရှက်ခြင်းမရှိ အသက်ဝင်နေသည်။ (နောက်ပိုင်း ထိုသီချင်းကို မသုံးဖြစ်ခဲ့ပါ) ။
အိပ်မက်ပန်းချီိးုင်ယာရီ(၂) ဆက်လက်ဖော်ပြပါမည်။

4 comments:

  1. ကိုအောင်ခိုင်... ကြိုးစားမှုအတွက် ချီးကျူးပါတယ်။ ဘ၀ထဲမှာ ၀ါသနာကိုဆွဲသွင်းနိုင်ခဲ့တာပါပဲ။

    ReplyDelete
    Replies
    1. Thank you Ko Ye Tun... I will continue writing the remaining parts and songs and other memorable events in which you will become an important role too...

      Delete
  2. ကြိုးစားထားချက်တွေက အားရစရာ အားကျစရာပါလားအစ်ကိုရေ ကျနော်တောင် လိုက်လုပ်ချင်လာပြီ

    ReplyDelete