အိပ်မက်ပန်းချီဒိုင်ယာရီ(၂)
မေခင်ကျနော့်အချစ်တော်....၊။ ထိုနေ့မှာပင် အောင်ကျော်ခိုင်နှင့် သူ့ဇနီးသီရိတို့အားလည်း ၀င်းဦး၏ သီချင်းအမြူးလေးအတွက် chinese garden ပန်းခင်းတွေကြားရိုက်ခဲ့ရသေးသည် ။ လင်မယားဖြစ်နေ သောကြောင့် ကြောင်ခြင်း ရှက်ခြင်းမရှိ အသက်ဝင်နေသည်။ (နောက်ပိုင်း ထိုသီချင်းကို မသုံးဖြစ်ခဲ့ပါ.. အစားထိုးအနေဖြင့် ပြန်လည် ဆုံဆည်းကြမယ်အချစ်ရယ်ကို သီဆိုရိုက်ကူးခဲ့ရာ ထိုနှစ်ယောက်ပင် အမြူးအစား အလွမ်းသရုပ်ဆောင်ခဲ့ပါသည်။) ။
ထိုစဉ်ကာလများက ကျနော့်အလုပ်အခြေအနေကို ပြောပြရန်လိုပါသည်။ အလုပ်က RTO (Resident Techincal Officer)ခေါ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စစ်ရဆေးရသော အလုပ်ဖြစ်ပြီး (ရှေးက မြန်မာ အခေါ် အင်စပက်တော် ပေါ့) စင်ကာပူမှာ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်ဌာနက မြေအောက်ဘူတာ သစ်တွေ မြန်မြန်ပြီးချင်ဇောဖြင့် ကျားလိုက်သလိုလုပ်ကြတော့ စနေတနင်္ဂနွေရယ်လို့ မရှိ။ သည်တော့ ကျနော်တို့လိုလူတွေ၏ နားရက်မှာ ဖြစ်ချင်သလိုဖြစ်နေသည်။ ကြားရက်မှာ နားလိုနားရ။ သည်တော့ ရိုက်ကူးရေးအတွက် ကျန်သူများနှင့် စနေတနင်္ဂနွေမှာအတူဆုံရဖို့က ခက်ခဲလွန်းသည်။ ထို့ကြောင့်လည်း ကျနော်သည် ရန်ကုန်ကို အသံသွားမသွင်းမှီ ဒီဇင်ဘာ ဇန်န၀ါရီလအတွင်း ရသမျှ အားလပ်ရက်များကို အားသောသရုပ်ဆောင်နှင့်ချိတ်ပြီး ရိုက်ကူးရေးကို အတတ်နိုင်ဆုံးပြီးအောင် (ဆန္ဒစောစွာ) စီစဉ်နေ ခဲ့ခြင်းဖြစ်ပါသည်။ (ဇွန်လ ရွှေရတုမွေးနေ့မှာ အခွေထုတ်ပြီးဖြစ်ချင်ခဲ့သည်လေ။)။
သရုပ်ဆောင်မည်သူမျှမအားပဲ ကျနော်အားသော ကြားရက်များမှာညနေပိုင်းများမှာပင် အအား မနေပဲ ကိုအောင်နိုင်ကျော်ကို ချိန်းဆိုပြီး ရှုခင်း တွေချည်း လျှောက်ရိုက်ရသေးသည်။ တေးစာ သားများမှာက များစွာလိုအပ်သည်လေ။ ပန်းခင်း တွေ ရထားလမ်းတွေ ရှားရှားပါးပါး ဘူကစ် ဂေါဘတ် မီးသင့် နိုရိုက် (Igneous Norite Rock) ကျောက်သား တောင် ကြီးတွေကို ရိုက်ထားရသည်။ (ရေမြေတောင်တော တွေကို မျှော်ကြည့်စမ်း ပါ.....အခြေမတူတာ တွေပေါင်းစပ်ကာ ဖန်တီးလာ..စာသားအတွက်..)။ ဇန်န၀ါရီလအတွင်း ဟိုတခါ အပူရှပ်ဖျားပြီးကတည်းက ကျန်းမာရေးကဒေါင်ဒေါင်ကို မမြည်တော့ ။ ချောင်းဆိုးလိုက် ပြန်ပျောက်လိုက်။ အတီးခွေရှိနေပါလျက်နှင့် အဆိုကျင့်ကြည့်သောအခါ အသံမှာ ဆိုးဝါးလှသည်။ အသံမြင့်များတွင် လုံးဝမအော်နိုင်။ အသံနိမ့်တွင်လည်း လည်ချောင်းက မရှင်း။ သုံးလေးရက်နေရင် ပျောက်သွားမှာပါ ဟုထင်ခဲ့သည်။
လွမ်းငွေ့တဝေေ၀
ဇန်န၀ါရီ၂၂ရက်မှာတော့ ကင်မရာမင်း ကိုအောင်နိုင်ကျော်၊ ကျနော်နှင့် မင်းသား ကိုစိုင်း တို့ မလေးရှားသို့ တညအိပ်ခရီးထွက်ခဲ့သည်။ သည်ခရီးအတွက်လည်း ၂ ပါတ်ခန့်ကြိုပြီး စီစဉ် ဟိုတယ်ဘွတ်ကင် လုပ်ထားခဲ့ရသည်။
၁၉၈၀ခန့်က လွမ်းငွေ့တဝေေ၀ဆိုသော ရုပ်ရှင်ထဲမှာ ရှမ်းမလေး ဆွေဇင်ထိုက်အတွက် မာမာအေးက ဆိုခဲ့သော သီချင်းဖြစ်သည်။ သံစဉ်ကိုအလွန်ကြိုက်ခဲ့သည်။ မိန်းကလေး ခံစားချက်ဖွဲ့ဖြစ်သဖြင့် သံစဉ်က နွဲ့သည်။ သို့သော် ၁၉၉၉ ခန့်က ကိုညီပုက ဂျာ့ဇ် စတိုင်လ်ဖြင့် အမျိုးသားဟန်ဆိုခဲ့တာကြားရတော့ သဘောကျခဲ့ သည်။ သည်တခါကျနော်က ဒီသံစဉ်ကိုပဲ ခပ်ဟော့ဟော့နှင့်လွမ်းရန်တီးရန်ဆိုရန်စီစဉ်သည်။ တီးပေးထားတာ ကလည်း ကျနော့် စိတ်ကြိုက်ပင်။ အရေးကြီးသည်က လွမ်းမည့်သူက အမျိုးသားဖြစ်သွားတော့ ရှမ်းလူမျိုး အစစ်ကိုသုံးချင်သည်။ သို့နှင့် ရပ်ဆွေရပ်မျိုးဟုဆိုရမည့် ဘီဒုတ်ရပ်ကွက်နေ ကာမိုင်းသားရှမ်းလူမျိုး အင်ဂျင်နီယာကလေး ကိုစိုင်းစိုးဟန် ကိုအကူအညီ တောင်းရသည်။ သူကရှက်တတ်သည့်အပြင် ကိုယ်ခန္ဒာက ၀၀တောင့်တောင့်မို့ သူ့ဘာသူ ဘ၀င်မကျပဲ ငြင်းသည်။ ကျနော်ကဇွတ်ပြောတော့ သဘောတူသွားသည်။ မင်းသမီးကိုတော့ ဆေးရုံမှာလုပ်သော ရှမ်းတိုင်းရင်းသူစစ်စစ်လေးဖြစ်သော ဇွန်ပွင့်ဖွေးဖွေး (ကျနော့်ငယ်သူငယ်ချင်း သစ်သစ်က သူ့အမျိုးသား ဒေါက်တာမြတ်မော်ထွန်းကတဆင့် ဆက်ပေးသည်။) ကိုရွေးသည်။သို့သော် မိန်းကလေးတဦးတည်းမို့ မလေးရှားခရီးသို့မလိုက်နိုင်ခဲ့။ သည်တော့စုံတွဲခန်းကိုနောက်မှ စင်ကာပူမှာရိုက်ရမည်ပေါ့။
မလေးရှား ကိုတာတင်ဂီ မှာ ရေတံခွန် တောတောင်တွေရှိသဖြင့် သီချင်းစာသားအရ ရှမ်းပြည်နှင့် ဆင်တူသည်။ စင်ကာပူမှာ မည်သို့မျှရိုက်မရ။ ဘူဂစ်ဘူတာအနီးမှ တက်စီစင်းလုံး ငှားသွားကာ ၂နာရီအကြာမှာရောက်သည်။ လမ်းမှာရှိသော တောရိပ်တောင်ရိပ်ထဲက မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် (မြတ်ဘုရားရှေ့ဆုပန်ချွေ..မင်းကိုလေ တနေ့မှမေ့မရ ကိုယ့်ဘ၀ကမပြေ)ဟူသောစာသားအတွက် တနာရီခန့်ကြာအောင်ရိုက်ခဲ့ရသည်။ ကော်လံဂတုံးတွေ ပုဆိုးတွေနဲ့ပေါ့။ စင်ကာပူက အိမ်ထဲက ကြုံရာ ဘုရားစင်မှာ မရိုက်လို။ (အော်...သီချင်းထဲ ရုပ်ရှင်ထဲမှာ စက္ကန့်ပိုင်းလေးမျက်စိပသာဒအတွက် စေတနာထားလျှင်ထားသလို အတော်ပင်ပမ်းပါလား..) Kota Tingi Waterfall resort သို့နေ့လည်ရောက်တော့ အထုပ်ချပြီးသည်နှင့်မနားနိုင်ပဲ ရေတံခွန်နားအထိ ချက်ခြင်း သွားကြကာ ကိုစိုင်းကို ရှမ်းဝတ်စုံလဲစေကာ ရိုက်ရသည်။ နေပူလွန်းသောကြောင့် သူ့မျက်နှာမှာ ဆွေးရမည့်အစား ရှုံ့မဲ့စူပုပ်နေသည်။ ညနေ အခန်းရောက်ပြီး အနီးအနားလေ့လာကာ နေ၀င်ခါနီးမှာ ဟိုတယ်ကော်ရီဒါမှာ အဆွေးရုပ်ကိုရိုက်ရသည်။ နောက်နေ့ မနက်အစောကြီးထကာ (ညိုပြာရီရွှေ တိမ်ခြေမြုမှင်ဆိုင်း မှိုင်းတလဲ့လဲ့ သိုင်းဖွဲ့ကာနေ..) အတွက် လျှောက်ရိုက်ရသည်။ ပတ်ဝန်းကျင်သည် တကယ်ပင် လွမ်းမောဘွယ် အေးမြသာယာလှပပါသည်။ ကျနော့်မှာ ချောင်းအလွန်ဆိုးနေသောကြောင့် Antibiotics အပြင်းစားတွေသောက်နေရသဖြင့် သင့်မြတ်လှသောရာသီဥတုတွင် ယမကာပင် မမှီဝဲနိုင်ခဲ့ပါ။ သီချင်းလေးကိုခံစားကြည့်ပါဦး http://www.youtube.com/watch?v=0x68yBZBMIc


No comments:
Post a Comment