အိပ်မက်ပန်းချီဒိုင်ယာရီ(၃)
ကိုတာတင်ဂီဒေသသည် ရှမ်းပြည်နှင့်မခြား တကယ်ပင် စိမ်းစိုအေးမြပြီး ရေတံခွန် ၏စိမ့်စမ်း ကျေးငှက် ပင်မြင့်တောတောင်ရိပ်များရှိယုံမက နံနက်စောစောတွင် မြူခိုးတွေဝေကာ ငှက်ပျော တော နာနတ်စိုက်ခင်း လေးများပါ တည်ရှိပေရာ ကိုစိုင်းအားတောင်ယာတွင် တကိုယ်တည်း ပေါင်းရှင်ြး့မက်နှုတ်စသော အလုပ်များ လုပ်နေ ဟန် ရိုက်နိုင်ခဲ့သည်။ သို့သော် စွပ်ကျယ် ဖြူဖြူဖွေးဖွေးအသစ်။ ရှမ်း ဘောင်းဘီပြာအသစ်၊ အသားကလည်း ဖွေးဆွတ်၊ဆံပင်က မဲမှောင် သပ်ယပ်၊ လက်ပတ်နာရီပြောင်တလက်လက်နှင့်မို့ မြန်မာ ရုပ်ရှင်အချို့ထဲကလို နည်းနည်းတော့ သဘာဝမကျဖြစ်ခဲ့ရပါသည်။ (မင်းသမီးဇွန်ပွင့်ဖွေးဖွေးနှင့်စုံတွဲခန်းများ ရိုက်ကူးရေး အကြောင်းများ ကိုတော့ နောက်ပိုင်းတွင်ဖော်ပြပါမည်။)
ဆည်းဆာ စုံတွဲသီချင်း..... ကို ဇန်န၀ါရီလ ၂ရက်နေ့ညနေမှာပင် ရိုက်ကူးခဲ့သည်။ ထိုနေ့မှာ ၄ နေရာပြေးကာ အစွမ်းကုန် ရိုက်လိုက်သည်မို့လူတွေအားလုံးလည်း အတော်ပမ်းသွားပါသည်။ ကိုယ်စိတ် အပင်ပမ်းရဆုံး ကျနော်ကတော့ အပျင်းဖျားရန်တာစူနေခဲ့သည်။ ကိုယ့်ကိုယ်ကိုမသိ။ (လှိုင်းကလေးတွေ ဖွေးကာဖွေးကာ ပြာသောကောင်းကင်အောက်မှာ ချစ်စရာ ဆည်းစာ....)ဟု စထွက်လာရမည်မို့ ရေစပ်ရှိသော လှပသော နေရာ နှစ်ခုကိုရွေးခဲ့သည်။ တနေရာက မြို့ထဲ ရေသူမခြင်္သေ့ရုပ်ပန်းခြံ (Merlion park) နှင့် ကျွန်းအရှေ့ဘက် ပါဇာရစ် ပင်လယ်ကမ်းခြေ။ တမူထူးခြားစေရန် စုံတွဲ နှစ်တွဲကို သရုပ်ဆောင်စေသည်။ တစ်တွဲက သဇင်သီချင်းထဲက စုံတွဲဖြစ်သော ထွန်းပြည့်စုံ(အောင်ပြည့်စုံ)နှင့် ဆုမြတ် (သဇင်မှာ ကွဲခဲ့ရသော်လည်း သည်တခါတော့ ရွှင်မြူးစွာတွဲကြရသည်)။ နောက်တစ်တွဲက သမီး (ဆွီတီထွန်း) နှင့် စတီဗင်နောင် (မောင်ဝင်းနောင်)ဖြစ်သည်။ မောင်ဝင်းနောင်က လူငယ်ဟန် အပြည့်ရှိ သေးသော အလုပ်ထဲမှာ Client အဖြစ် တွေ့ဆုံသိကျွမ်းရင်းနှီးခဲ့သော အင်၈ျင်နီယာ လူငယ်တဦးဖြစ် သည်။ သူကဓါတ်ပုံဝါသနာအိုး။ သရုပ်မဆောင်ဘူးသော်လည်း အနုပညာပိုးအခံနှင့် ကျနော့်အားခင်မင် လေးစားမှုကြောင့် ကူညီခြင်းဖြစ်သည်။
Merlion park ကို အုပ်လိုက်ကြီး ရောက်သွားကြ တော့ အလွန် ကံမကောင်းစွာ ကောင်းကင်က မိုးသား တွေမှိုင်းညို့နေသည်။ ပြာဖို့ နေနေ သာသာ။ လှိုင်း ကလေးတွေကလည်း မဖွေးနိုင် တော့။ မတတ်နိုင်တော့ပါ။ နောက်တခါပြန်ချိန်းဖို့မှာ မလွယ်သလို မိုးနေ အစိုးမရသော စင်ကာပူမှာ ကောင်းကင်ပြာရန် အာမခံချက်မရနိုင်။ ရေသူမ ခြင်္သေ့ရုပ်ကြီးနံဘေးမှာ လှည့်ပတ်ကာ စုံတွဲ နှစ်တွဲကို နည်းနည်းစီရိုက်ရသည်။ ထိုစဉ်က Marina Bay Sands သင်္ဘောပုံညီနောင်သုံးဖော် ဟိုတယ်ကြီးမှာ ဆောက်လက်စ။ သူ့ကိုအဝေးမှမြင်ရပုံကိုလည်း ပါအောင် ထည့်ရိုက်ပြ ကြွားရသေးသည်။ ကျနော့်မဟာ အမှားမှာ သရုပ်ဆောင်တွေကို မလိုအပ်ပါပဲ စာသားကို လိုက်ဆိုစေခဲ့မိခြင်းဖြစ်သည်။ သို့အတွက် သူတို့စာသားအလွတ်မရပဲ ထစ်နေခြင်း။ အချိန်တိုင်မင် မကိုက်ခြင်းတို့ဖြစ်ကာ တည်းဖြတ် သောအခါ အလွန်ဒုက္ခရောက်ခဲ့ရသည်။ အပြစ်ပြောလို့လည်းမရ။ သည်သီချင်းများက ကျနော်တို့ တရေးနိုးထဆိုနိုင်သော်လည်း သူတို့အတွက်က အသစ် အဆန်း။ သည်ကြားထဲ ရွှေမြန်မာတွေ အခြား ကုလားအလုပ်သမားတွေ တိုးရစ်စ်တွေပေါများရာ နေရာဖြစ် သောကြောင့်လည်း သရုပ်ဆောင်များမှာ ရှက်ကြရသည်လေ။
မြို့ထဲကနေ ပါဇာရစ်ကမ်းခြေကို တက်စီ နှစ်စီးဖြင့်ပြေးကြရောက်ကြ အ၀တ်လဲပြီးကြတော့ ကောင်းကင်က မြို့ထဲလိုပင် ဖြူယော်ယော်၊ ပြာရောင်လေးသန်းယုံမျှ။ ဘာပဲဖြစ်ဖြစ် သဲသောင်ကမ်းခြေမှာ လက်ချင်းတွဲ လမ်းလျှောက်ကြ၊ လေတဖြူးဖြူးအုန်းပင်တန်းမှာ တွဲလျှောက်ကြ၊ ကျောက်ဆောင်မှာ အတူထိုင်ကြ၊စသော လှပသော ရိုမင့်တစ်ခန်းများကိုရခဲ့သည်။ သဇင် သီချင်းအတွက် ဇာတ်ဝင်ခန်းဖြစ်သော (အကြည် ဆိုက် သွားသည့် သဇင်နှင့်ဖြိုးကိုကိုတို့က အပျော်ကြီးပျော် မိုးမမြင်လေမမြင်ဖြစ်ကာ ခုံမှာထိုင်စာဖတ် နေသော အောင်ပြည့်စုံအားမမြင်ပဲရှေ့က ဖြတ်လျှောက်သွားကြပုံ)ကိုလည်း ရိုက်ရသေးသည်။ ထိုအခန်းမှာ မျက်မှန်လေးချွတ်ကာ သူတို့အတွဲကို မျက်စေ့တဆုံးကြည့်ရင်း ဆွေးမြေ့စွာ ခေါင်းလေးညင်သာစွာရမ်းယင်း မျက်မှန်ပြန်တပ်လိုက်သော အခန်းကို အောင်ပြည့်စုံက အနည်းငယ်ညွှန်ပြယုံနှင့် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါသည်။ (သည်မှာhttp://www.youtube.com/watch?v=4XUMnQjMLBg ကြည့်ရှုခံစားနိုင်ပါသည်)
ကမ်းခြေမှာရိုက်စဉ် ဟာသများစွာဖြစ်ရသည်။
ရေစပ်မှာလမ်းလျှောက်စဉ် ရွှံ့နွံထဲကို မောင်ဝင်းနောင် ခြေထောက် နစ်ဝင်သွားသဖြင့် ချော်လဲ မတတ်ဖြစ်ရခြင်း။ ဆုမြတ် ဘောင်းဘီခါးတို လွန်းသဖြင့် ထိုင်လိုက် သောအခါ ခါးပေါ်သွားခြင်း။ သောင်ပြင်မှာ အမှတ်တမဲ့တွေ့ရသော ငါးသေ လေးကို ဆုမြတ်အား အောင်ပြည့်စုံကပေးသော အခန်းမှာလည်း ရုတ်တရက်အကြံရပြီး ထည့်ရိုက်လိုက်သည်မှာ အမြင်လှသွားပါ၏။ နောက်ဆုံးခန်းကိုတော့ မောင်ဝင်းနောင်အား ဆွီတီက မျက်လုံးကို အ၀တ်စီးပြီးပြေးတန်း လိုက်တန်းကစားရင်း အောင်ပြည့်စုံအား ယောက်ျားချင်းမှားဖက်မိပုံဖြင့် ဟာသ ဆန်ဆန် အဆုံးသတ်ထားသည်။ (ကျနော်နှင့် မေဆွိတို့၏ စုံတွဲအဆိုနှင့် သရုပ်ဆောင်များ ရှုခင်းအလှများကို သည်မှာ ကြည့်ရှုခံစားနိုင်ပါသည်)http://www.youtube.com/watch?v=LNcweApV5ng
No comments:
Post a Comment