Sunday, 26 August 2012



အိပ်မက်ပန်းချီဒိုင်ယာရီ အပိုင်း(၅)

အသံသွင်းနေ့ရက်များ။

နောက်နေ့မှာတော့ လူကအားနည်းနေသေးသော်လည်း ချောင်းဆိုးရပ်ကာ နည်းနည်းလေး အသံထွက်လာသည်မို့ နည်းနည်းအော်ရသော အခြားသီချင်းများကို သွင်းဖြစ်သည်။ ခေတ်မီတိုးတက်လာ သောစနစ်များ ကွန်ပျူတာပရိုဂရမ်များ၏ကျေးဇူးပါ။ တကြောင်းချင်း ဖြတ်ဆိုဖြတ်သွင်း ပြန်ဆက်။ မောနေသည့်အခါ အသံမဆက်သည့်အခါ တလုံးတလေမှားသွားသည့်အခါ အဆင်ပြေလှပါသည်။ သို့သော် အချိန်ခြားသွားလျှင်တော့ သူတို့အခေါ် လူတစ်ဦးတည်းဆိုသော်ငြား အသံအရောင် (voice colour) မတူတော့သဖြင့် နားထောင်လျှင် သိသာလွန်းသည်။ ထို့ကြောင့် တတ်နိုင်သမျှ ကျနော် ဆက်တိုက်ပဲ ဆိုသွင်းပါသည်။
သွင်းရက် ၄ ရက်မှာ  စုစုပေါင်း ၁၂ပုဒ်မို့ တနေ့ ၃ပုဒ်အနည်းဆုံးပြီးရမည်မို့ ဒုတိယနေ့မှာ အတော်ဆို ပစ်လိုက်သည်။  အသက်ရှူစရာနေရာမရှိသော အိပ်မက်ပန်းချီအလှပျိုသီချင်းကိုလည်း ၄-၅ ခါလောက် ဖြတ်ဆက်ဆိုလိုက်တော့ အဆင်ပြေပါသည်။ ကိုကျော်စိုးနိုင်က မကြိုက်သည်နှင့် တဘက်မှ အကို မကြိုက်ဘူးဟုအော်ကာ ရပ်ရပ်ချပစ်လိုက်သည်။ မစားသာပေမဲ့ ကျေးဇူးတင်ရပါသည်။ ကျန်းမာရေး ကြောင့် ကျနော့်အသံသည်ပုံမှန်လို အောင်မြင်မာကြောစည်းလုံးမနေတော့ပဲ မောသံအခံပါးပါး ကွဲရှရှနှင့် ဘယ်သံလုံးလည်းရှိနေသဖြင့် ၀င်းဦးနှင့် ဇော်ဝင်းထွဋ်ပေါင်းစပ်ထားသလိုဟုနောက်ကြသည်။ စုံတွဲ ၃ပုဒ်ပါပါသည်။ တယောက်မှ အတူမဆိုအားသေး။ မေဆွိနှင့် ဒေါ်နွဲ့ယဉ်ဝင်းက စင်ကာပူမှာ Century Concert ဆိုနေသည်။ စင်ကာပူနေ ကျနော်က ရန်ကုန်ရောက်နေသည်။  စိမ်းမို့မို့က ၄ ရက်နေ့မှ အားမည်။ သူတို့လာသည်အထိမစောင့်နိုင်တော့ တကို်ယ်တော်ပဲ အရင်ဆိုနှင့်ရသည်။ မေဆွိက စင်ကာပူက ရန်ကုန်တန်းပြန်လာလျှင်စောင့်မည်ပြောတော့ သူက မလေးရှားဆက်သွားပြီးမှပြန်လာမည်တဲ့။ တိုင်မင်မကိုက်တော့။ အန်တီဒေါ်မြင့်မြင့်ခင်အား အသေးစိတ်မှာခဲ့ရတော့သည်။ ဒေါ်နွဲ့ကတော့ အချိန်မှီပြန်လာမည်။


၃ရက်အတွင်း အသံမြင့်နေရာတွေကို ချန်ထားပြီး သီချင်းအားလုံး အပြီးဆိုလိုက်သည်။ နောက်ဆုံးနေ့မှ ထိုနေရာတွေပြန်ဆိုရသည်။ ရွင်လန်း ချမ်းမြေ့ ပါစေ၊ ပိတောက်ချစ်သူ ၊ မျက်ဝန်းမှတဆင့်နှင့် အကျည်းတန် အရုပ်ဆိုးသီချင်းများကို သာ တပုဒ်လုံးသက်တောင့်သက်သာ ဆိုနိုင်ခဲ့သည်။  မြင့်းမိုရ်ထက်မြင့်သော သီချင်းထဲက (ရင်မှာ ချမ်းမြေ့ကြရတာ....လိမ္မာရေးခြား အတွေးများ...)။ သဇင်သီချင်းထဲက (သဇင်ပန်း ကိုဖြင့်...သာမန် လူသား ပေမို့..ချို့ချို့ငဲ့ငဲ့နဲ့ရယ်...)။ တကမ္ဘာ ခြားလဲ.. သီချင်းထဲက နောက်ဆုံးစာသား (ချစ်ကာနေမယ်မောင် တယောက်ထဲ...ရယ်.)။ ဆည်းဆာ သီချင်းထဲက (ဆယ်ဆယ်ကမ္ဘာ မခွဲရက်ပါ...)။ ဝေးပြီ သီချင်းထဲက..(ဝေးပြီ..ဆိုသော ခြောက်ခါဆိုရသည့်ခေါရက်စ် နေရာ။ လွမ်းငွေ့တဝေေ၀ သီချင်းထဲက အော်၇သောနေရာများစွာ။ ချန်ထားရသည်။ ပြန်လည် ဆုံဆည်းကြမယ်အချစ်ရယ် သီချင်းထဲက (မသွေညှိုးပြောင်းကြွေသွား နွေမိုးဆောင်းလေလား...) ဟူသော နေရာကိုတော့ ဘယ်လိုဆိုဆို မရ။ ငယ်သံပါနေသည်။ ကီးစပြော ကတည်းက အီးထလက်မပြောမိဘဲ အက်ဖ်ဟုပြောမိ သည်ကိုက မှားခဲ့သည်။ မတတ်နိုင်တော့။ ရသမျှရောက်သမျှအသံနှင့် သွင်းထားလိုက်ရသည်။ (နားထောင်ကြည့်လျှင် သိပါ လိမ့်မည်) ။ တကမ္ဘာခြားလည်း ချစ်နေမယ်တယောက်ထဲ သီချင်းသွင်းချိန်မှာ တိုက်ဆိုင်ကံကောင်းစွာ အန်ကယ်ဦးမင်းနောင်ကြီး (ဘာသာရေးပွဲတခုအတွက် ကိုကျော်စိုးနိုင်နှင့် ဓမ္မသီချင်းအချို့တိုက်ရန်) နှင့် အန်တီဒေါ်ရီလေး  စတူဒီယိုကိုရောက်လာသည်။ ကျနော်မှားနေသော စာသားများကိုပြင် ပေးသွားရင်း ဆိုဟန် များကို ပြပေးသွားသည်။
စိမ်းမို့မို့လာသည့်နေ့မှာတော့ ကျနော်ဆိုထားပြီးသော ဗားရှင်းကိုပဲ သူဆိုသည်ကို ကျနော်ကဘေးက အားပေးယုံ လိုချင်တာလေးတွေပြောယုံ။ သူကလည်း  သမ္ဘာကြီးမို့ နှစ်ကြော့လောက်နှင့် အချောသွင်း နိုင်ခဲ့ပါသည်။ လူကအသက်ရလာသော်လည်း အသံကတော့ အရင်လို ချိုတုန်းနုတုန်းနွဲ့တုန်းပင်။ လွန်ခဲ့သော ၂၃ နှစ် ၁၉၇၈ခုနှစ်က ရန်ကုန်မြို့တော်ခမ်းမသင်္ကြန်မှာ အတူဆိုခဲ့တာတွေ ထို့နောက် မြန်မာ့အသံမှာပေါ်လစီသီချင်းများဆိုဖြစ်တာတွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြသည်။ မျက်ဝန်းမှ တစ်ဆင့် စုံတွဲတေးကို သည်မှာ ကြည့်ရှု နားဆင်ကြည့်ပါ။ http://www.youtube.com/watch?v=LMPPDqUZyoo
 မနက်စောစောနှင့် တနင်္ဂနွေနေ့နံနက်များမှာ့ မြင့်မိုရ်ထက်မြင့်သောသီချင်းအတွက် လိုအပ်သော အခန်းများ ရိုက်ရသည်ကို သီးသန့်ေ၇းပါဦးမည်။
ဒေါ်နွဲ့ယဉ်ဝင်းက စင်ကာပူ မလေးရှားမှပြန် လာကာ ခရီးပန်းသွားသဖြင့် တောင်းပန်သည်။ သူလာ သွင်းနိုင်မည့်ရက်က ကျနော်ပြန်မည့်နေ့ဖြစ်နေသည်။ ၁၁ နာရီလာမည်ပြောသည်။ ကျနော့်အပိုင်း ဆိုထားပြီး ဆိုသော်လည်း သူဆိုချိန်မှာ ဘေးမှာ အတူရှိနေချင်သည်။
ဝါရင့်အဆိုတော်ကြီးဖြစ်သောလည်း   ကိုယ့်သီချင်းမို့စိတ်ထဲကတော့ နည်းနည်း ပူပင်ချင်သေးသည်။ နောက်ဆုံး ဆုံးဖြတ် လိုက်သည်။ ဇနီးအား အထုပ်များနှင့် လေဆိပ်သို့အရင်သွားစေပြီး ကျနော်က ပတ်စပို့နှင့် ကြောပိုးအိတ်လွယ်ကာ စတူဒီယိုကို သွားသည်။ အချိန်က ၁နာရီခွဲ ။ ကျနော်စတူဒီယိုရောက် ဒေါ်နွဲ့လည်းရောက်။ သူ့ကြည့်ရတာ တကယ်ပင် ခရီးပမ်းနေပုံ။ မလန်းဆန်းသေး။
စင်ကာပူမလေးရှားစတိတ်ရှိုးနှင့်ဆက်နွယ်သော အရှုတ်တော်ပုံတွေ အကြောင်းပြောပြသည်။ ရောက်ရောက်ချင်း မမ အသံစသွင်းကြည့်ရအောင်ဟု ပြောရမှာ ရိုင်းလှသည်။ စကားစမြည် ပြောရင်း စောင့်ရင်းနှင့် ၁၂နာရီထိုးလောက်မှ စဆိုသွင်းဖြစ်သည်။ မြန်မာသံအဆိုနည်း သော်လည်း မြန်မာသံနှင့် စတက်ခဲ့သော အဆိုတော်ကြီးမို့ လိုလေသေး မရှိကောင်းလှပါသည်။ သို့သော်လည်း စာသားမှား ချောင်းဆိုးနှင့် ပြန်သွင်းရင်း ၁နာရီထိုးလာသည်။ ကျနော့်အခြေအနေအရ မသွားမဖြစ်တော့။ မောင်လေး စိတ်ချသာသွားဟုပြောပြီး ဒေါ်နွဲ့ ဆက်ဆိုကျန်ခဲ့သည်။ အားလုံးကို နှုတ်ဆက်ပြီး ကျနော်အောက်ဆင်းပြေး တက်စီငှားရသည်။ ပုစွန်တောင်က မင်္ဂလာဒုံဆိုတော့ တာမွေ ဘက်က မောင်းခိုင်းသည်။ ဘောက်ထော်နားလည်းရောက်ရော။ကားတွေပိတ်နေသည်ကိုမြင်ရသည်။ လူတွေလည်း ယောက်ယက်ခတ်နေသည်။ မေးကြည့်တော့ သင်္ကန်းကျွန်းမှာ မီးလောင်လို့တဲ့။ ကျနော် ချွေးပျံသွားသည်။ အချိန်က ၁နာရီ ၂၀။

No comments:

Post a Comment