Saturday, 1 September 2012



အိပ်မက်ပန်းချီ ဒိုင်ယာရီ (၆)
ကျနော်တခုခုကိုဆုံးဖြတ်ရတော့မည်။ ကားဆရာကိုတောင်းပန်ပြီးကားပေါ်မှဆင်းကာ ပိတ်နေသော ကားများ၏ရှေ့ဆုံးနားသို့ပြေးကာ တက်စီတစီးအားပြောင်းစီးမှဖြစ်တော့မည်။ သူက မကျေနပ်သော်လည်း ကျနော် လေဆိပ်အချိန်မီရောက်ရမည်ကို သူသိသည်။ ကျနော်ဆင်းပြီးဟိုသည်ကြည့်သော်လည်း အခြေ အနေကမကောင်း။ ထိုစဉ်ကျနော်တို့တက်စီရှေ့က ကားတချို့ လမ်းကြားတွေထဲကွေ့ဝင်သွားသည်။ ကံကောင်းထောက်မစွာ တလမ်းစာမောင်းလို့ရသောအခါ အမြန်ပြန်တက် သုတ်ခြေတင်ခဲ့ရသည်။ မီးခိုးတွေကိုလည်း မြင်နေရသည်။ လူတွေပြေးလွှားနေကြသည်။ သည်လိုနှင့်လေဆိပ်ကို အချိန်ကပ် ရောက်သွားသည်။ အရေးထဲ ဘူမိဗဒဌာနက ဆရာမတယောက်က သြစတေးလျသို့ ပေးပို့ဓါတ်ခွဲရန် ကျောက်နမူနာများ စင်ကာပူသို့လူကြုံပေးလိုက်သည်ကို ရတနာမဟုတ်ကြောင်း စာမပါသဖြင့် အကောက် အခွန်မှရစ်နေသည်။ အချိန်ဘယ်လိုမှ မရှိတော့သဖြင့် ထားပစ်ခဲ့ရသည်။ စင်ကာပူသို့ပျံသန်းခဲ့ပြန်ပါပြီ။ နောက်နေ့အလုပ်ဆင်းရမည်။ အော်... အချိန်ရှားလှသော စင်ကာပူဘ၀မှာ အလွန်အလုပ်များသော အမ်တီဗွီကိုမှ ဖန်တီးချင်လှသည်ကိုး။
ရန်ကုန်မှာ အသံသွင်းသောကိစ္စပြီးတော့မှ ရိုက်ကူးရေးအပိုင်းတွေကို စင်ကာပူတွင် ပြန်လည်အာရုံ ထားရတော့သည်။ ဆက်လက်ပြီး သီချင်းတပုဒ်ချင်းရိုက်ကူးရေးအကြောင်းတွေကို သီချင်းအလိုက်ပြော ပြပါမည်။
ပိတောက်ချစ်သူ
ဇော်ဝမ်း မာမာအေးတို့၏နာမည်ကျော် ရုပ်ရှင်စုံတွဲတေး။ တေးသံရှင်အတော်များများကလည်း ပြန်ဆိုခဲ့ကြပါသည်။ ရာမ မေဆွိ။ ရာဇာဝင်းတင့် နီိနီဝင်းရွှေ။ ကျနော်က ဒေါ်နွဲနှင့်ဆိုထားသည်။ စတီရီယို ဘုရင်မကြီး၏ မြန်မာသံဆိုဟန်ကို အများကြိုက်ကြမည်ဟုယုံကြည်သည်။ ထို့ကြောင့် ဗွီဒီယိုကိုလည်း လှလှပပလေး ရိုက်ချင်သည်။
ကျနော်တို့လွန်ခဲ့သော ၃၄ နှစ် -၁၉၇၇ ခုနှစ်။ ဒေသကောလိပ်ကျောင်းသားဘ၀ကတည်း ကရော နောက်ပိုင်း အလုပ်ထဲမှာရော  ခင်ခဲ့ကြ သော ငယ်သူငယ်ချင်း သစ်သစ်(ဒေါ်ခင်ပြုံးသစ်) က တက္ကသိုလ်မှာ ကတည်းက ပြဇာတ်သရုပ်ဆောင် အငြိမ့်မင်းသမီး။ မိုးနတ် သူဇာမှာလည်း သီတာဝင်း ဇာဂနာတို့နှင့်အတူ ကခဲ့သည်။ စင်ကာပူသို့ အမျိုးသား ဒေါက်တာ မြတ်မော်ထွန်းနောက် လိုက် လာရင်း နေထိုင် ရာက ပိုလီကျောင်းများ အခြား ကပွဲ များတွင် အကဆရာမ။ သစ်သစ်တို့၏သမီး လေး သဲသဲ(နှင်းဝေမော်)ကပါ အမေ့ခြေရာနင်းကာ ရုပ်ရည်လည်းလှပ အကလည်း ကောင်းလှသည်။ သူ့ကို မင်းသမီးအဖြစ်ရွေးသည်။ မင်းသားကတော့ စင်ကာပူ ကျောင်းသားဟောင်းများ၏ စွယ်တော်ရိပ် အကသဘင်မှာ ပင်တိုင်ပါဝင်ခဲ့သော မျိုးနေအောင် (မင်းစက်) ဖြစ်သည်။ သူတို့အားပြောဆိုညှိနှိုင်းပြီး ရိုက်ရန်ဇာတ်ညွှန်းကို သစ်သစ်နှင့်တိုင်ပင် ရေးခဲ့ကြသည်။ ကင်မရာမင်းနှင့် ပိတောက်ပန်းကိုချစ်သော ကောင်မလေးတို့ဇာတ်လမ်း။ 
တပုဒ်လုံးကို မြန်မာဆန်စေချင်သည်။ မြန်မာဝတ်စုံများစီစဉ်ရသည်။ သစ်သစ်ကအဓိကဖြစ်သည်။ မင်းသမီးအတွက်အ၀ါရောင်ဝတ်စုံမျိုးစုံနှင့် မင်းသားအတွက် မြန်မာဝတ်စုံပုဆိုးအမျိုးမျိုး။ မင်္ဂလာ လက်ထပ် ၀တ်စုံပါပါသည်။ ကျနော် ဗျာအများရဆုံးကတော့ ပိတောက်ပင်။ စင်ကာပူမှာ ပိတောက်ပင်က ပေါလှပါသည်။ သို့သော် အမြင့်ကြီးတွေဖြစ်ပြီး ပန်းက ပွင့်ချင်မှပွင့်သည်။ သည်တော့ အနီးကပ် အပင် ပုပုမှာ ပိတောက်ပန်းအတုများတပ်ရိုက်နိုင်ဖို့ရှာလိုက်ရသည်မှာ နောက်ဆုံး ဂေလမ်း လမ်းသွယ် (၃၆) အနီးက ရေမြောင်းကြီးနားမှာ လူတရပ် သာသာ အမြင့်တွင် အခက်များကျနေသော အပင်ပုများ တွေ့သည်။ (ထိုနေရာအနီး ဒါကိုတာဘူတာ တည်ဆောက်စဉ်က တာဝန်ကျခဲ့စဉ်က ပိတောက်တွေပွင့် သည်ကိုမြင်ခဲ့ သော နေရာဖြစ်သည်။)။ ထိုနေရာကိုပဲရွေးချယ်ရသည်.။ အနားက အိမ်တွေကလည်း အုတ်ကျွတ်နီမိုး တထပ်အိမ်လေးများ။ ကတ္တရာ လမ်းကကျဉ်းကျဉ်း။ ရန်ကုန် စမ်းချောင်း ကျောက်မြောင်းလိုမျိုး.။ 
ပိတောက်ပန်းခြောက်များကို ၀ိုင်ယာအစိမ်းနှင့် လိုက်တပ်။ ဖြူယော်နေသော ပန်းများကိုတော့ အ၀ါရောင် စပရေးဖြင့်မှုတ်။ ထိုစဉ်မင်းသမီးအမေက ကိုမော့်ကားပေါ်မှာပင်ထိုင်ကာ သမီးကိုမိတ်ကပ်လိမ်း ဆံထုံးထုံးအ၀တ်လဲ။ မင်းသားက ကျနော်တို့ ၀ိုင်းယူလာသော ရှပ်အကျီ င်္လှလှများ ပြောင်ပြောင် လက်လက် ပုဆိုးများကိုရွေးချယ်။ ကိုအောင်နိုင်ကျော်က ကင်မရာကြီးနှင့် မှန်ဘီလူး ဒေါက်များဖြင့် အလုပ်ရှုတ် နေကြသောအဖြစ်ကိုမေ့မရ။ ပလက်ဖောင်းပေါ်မှာလည်း ပိတောက်ပန်းအတုနှင့် ပိတောက်ရွက်အစစ်များကို ဖြန့်ကျဲချရသေးသည်။ (ပိတောက်လမ်းဝယ်..နှစ်ယောက်မှန်းရွယ်.. လျှောက် လှမ်းကြမယ်လေး.....) ။ ကျနော်က စာသားတိုင်းကို လိုက်ဘက်အောင် အရုပ်ပြချင်သည်။ နံဘေးက အိမ်များက စိတ်ဝင်တစားထွက်ကြည့် ကြသည်.။ လူရှင်းသော ရပ်ကွက်မို့ ပြသနာမရှိ။ နောက်ခံ မြင်ကွင်းမှာဖြတ်ဖြတ်သွားသော တရုတ်ကုလားများ၊ အင်္ဂလိပ်စာလုံး ကားနံပါတ်ပြားများ ကိုပဲသတိထားရ သည်။ နှင်းဝေေ၀နှင့်မင်းစက်ကတော့ အမူအရာများ တော်ကြပါပေသည်။
မင်္ဂလာဆောင်ခန်းအတွက် ညနေတွင်မြို့ထဲပြေးရသည်။ ရည်ရွယ်သော ဟိုတယ်က လုံခြုံ ရေးက ကြီးကျယ်သဖြင့် စင်ကာပူ မင်္ဂလာ စုံတွဲများ အမြဲဓါတ်ပုံရိုက်ကြသည့် လှေကားထစ် ကြီးများ နှင့်လှပသော  CITY HALL  မြို့တော်ခမ်းမ ကိုသွားကြပြန်တော့ကြံကြံဖန်ဖန်  Renovation မို့ ၀င်းခတ်ထားသည်။ အမျိုးသား များ ရိုက်ကွင်း နေရာသစ် လျှောက်ရှာနေကြတုန်း သစ်သစ်က သမီးကို နီးရာ ချောင်မှာ ကွယ်ထိုင် ခိုင်းပြီး ဆံထုံးထုံးရသည်။  နောက်ဆုံး သြချတ်နား က မိတ်ဆွေတဦး၏ ကွန်ဒိုအိမ်မှာပဲ ရိုက်ရန်ဆုံးဖြတ်ပြောဆိုပြီး အပြေးသွားကြရသည်။ မိုးချုပ်လုပြီမို့ရေကူးကန်နားမှာ မင်္ဂလာစုံတွဲလမ်း လျှောက်ဟန် အမြန်ရိုက်ပြီး ကျန်သော အခန်းများကိုတော့ အိမ်ထဲမှာပဲ လှည့်ပတ် ရိုက်ရတော့သည်။ အိမ်ကခန်းနားလွန်းသောကြောင့် ရိုက်ကွင်းများလည်း သားနားလှပပါသည်။ သတို့သမီးဝတ်စုံက ဆန်းပြား ခန်းနားလှသည်မို့ သစ်သစ်တို့သားအမိမှာ ညကတည်းက အတော်ပြင်ဆင်ထားရသည်။ မင်းစက်ကလည်း တောင်ရှည်မ၀တ်တတ်။ သစ်သစ်ပဲဝတ်ပေးရ။ ဇာတ်လမ်းကို ဖြစ်သလိုမပြပဲ ချဲ့ထွင်ချင်သမျှ အလုပ်ရှုတ်ရ တော့သည်။ ဒါတောင် သင်္ကြန်မှာကပွဲမှာတွေ့ကြတာတွေကို သင်္ကြန် ကာလအစစ်မှာ တကယ်ရိုက်ဖို့ ချန်ထားသေးသည်။ ကောင်မလေးအိမ်ကို ကောင်လေးက လာလည်ရင်း ဓါတ်ပုံကြီးပေးသောအခန်းမှာ မြန်မာ့ယဉ်ကျေးမှုအရ အိမ်ထဲ နှစ်ယောက်ထဲဖြစ်နေလျှင်မသင့်တော်ဟု ထင်သဖြင့် မိခင်ကြီးက ခပ်လှမ်းလှမ်းမှ ဘုရား သောက်တော်ရေကပ်ခြင်း စသည်တို့ပြုနေဟန် ထည့်ပြချင်တော့ သစ်သစ်ပဲ ကပျာကယာ ဆံထုံးထုံးကာ ၀င်ပါရတော့သည်။ အဲသည်ညက ရိုက်ရင်း ပြန်ရိုက်ရင်းမိုးချုပ်ကုန်ကြ သည်မှာ အိမ်တွင် တယောက်ထဲ ကျန်ခဲ့သော သစ်သစ်မိခင်ကြီးက လှမ်းဖုန်းဆက်တော့မှပဲ ရှူတင်သိမ်းရ တော့သည်။ အိမ်ရှင် ကိုအောင်-မမိုးနှင့် စိတ်ရှည်လှသော ကိုမော်ကြီးအား အလွန်ကျေးဇူး တင်ရပါသည်။
မကြာခင် သင်္ကြန်တကယ်ကျလာတော့ ဆင်ဘာဝမ်ရပ်ကွက် မဏ္ဍပ်မှာ အမှန်တကယ်ကပြဖျော်ဖြေသော ယိမ်းအဖွဲ့ခေါင်းဆောင် နှင်းဝေေ၀ အား စင်အောက်မှ ဓါတ်ပုံဆရာမင်းစက်က အဆင်းလာ စောင့် ရေလောင်း ပိတောက်ပန်းပေးခန်း ကို အမှတ်တမဲ့ လူကြားထဲသွားရိုက်ရသည်။ ကျနော်က အလုပ်မှာ မနက်ခင်းစောစော ဂျူတီကျနေရာ ကျနော်မပါပဲ သွားရောက်အပင်ပမ်းခံရိုက်ပေးခဲ့သော ကိုအောင်နိုင် ကျော်နှင့် မင်းသား မင်းသမီး မိသားစုအားကျေးဇူးတင်ရပါသည်။ မကြာခင် ပင်မြင့်များတွင် ပိတောက်ပန်းအစစ်တွေ လည်း ကံကောင်းထောက်မစွာ ဖူးပွင့်လာရာ အားပါးတရရိုက်ပြီး Video editing လုပ်သောအခါတွင် ဝေေ၀ဆာဆာ ညှပ်ထည့်ခွင့်ရခဲ့ပါသည်။ မြန်မာဝတ်စုံများကို တခန်းတနား လှပစွာဝတ်ထားသော မင်းသမီးချောလေးနှင်းဝေေ၀ မင်းသားချောလေး မင်းစက်တို့၏ သရုပ်ဆောင် ကွက်များ၊ စင်ကာပူရှုခင်းအလှများနှင့် ကျနော်+ဒေါ်နွဲ့ယဉ်ဝင်းတို့၏ စုံတွဲအဆိုတို့ကိုနားဆင် ခံစားလိုလျှင်ဖြင့်....။

Sunday, 26 August 2012



အိပ်မက်ပန်းချီဒိုင်ယာရီ အပိုင်း(၅)

အသံသွင်းနေ့ရက်များ။

နောက်နေ့မှာတော့ လူကအားနည်းနေသေးသော်လည်း ချောင်းဆိုးရပ်ကာ နည်းနည်းလေး အသံထွက်လာသည်မို့ နည်းနည်းအော်ရသော အခြားသီချင်းများကို သွင်းဖြစ်သည်။ ခေတ်မီတိုးတက်လာ သောစနစ်များ ကွန်ပျူတာပရိုဂရမ်များ၏ကျေးဇူးပါ။ တကြောင်းချင်း ဖြတ်ဆိုဖြတ်သွင်း ပြန်ဆက်။ မောနေသည့်အခါ အသံမဆက်သည့်အခါ တလုံးတလေမှားသွားသည့်အခါ အဆင်ပြေလှပါသည်။ သို့သော် အချိန်ခြားသွားလျှင်တော့ သူတို့အခေါ် လူတစ်ဦးတည်းဆိုသော်ငြား အသံအရောင် (voice colour) မတူတော့သဖြင့် နားထောင်လျှင် သိသာလွန်းသည်။ ထို့ကြောင့် တတ်နိုင်သမျှ ကျနော် ဆက်တိုက်ပဲ ဆိုသွင်းပါသည်။
သွင်းရက် ၄ ရက်မှာ  စုစုပေါင်း ၁၂ပုဒ်မို့ တနေ့ ၃ပုဒ်အနည်းဆုံးပြီးရမည်မို့ ဒုတိယနေ့မှာ အတော်ဆို ပစ်လိုက်သည်။  အသက်ရှူစရာနေရာမရှိသော အိပ်မက်ပန်းချီအလှပျိုသီချင်းကိုလည်း ၄-၅ ခါလောက် ဖြတ်ဆက်ဆိုလိုက်တော့ အဆင်ပြေပါသည်။ ကိုကျော်စိုးနိုင်က မကြိုက်သည်နှင့် တဘက်မှ အကို မကြိုက်ဘူးဟုအော်ကာ ရပ်ရပ်ချပစ်လိုက်သည်။ မစားသာပေမဲ့ ကျေးဇူးတင်ရပါသည်။ ကျန်းမာရေး ကြောင့် ကျနော့်အသံသည်ပုံမှန်လို အောင်မြင်မာကြောစည်းလုံးမနေတော့ပဲ မောသံအခံပါးပါး ကွဲရှရှနှင့် ဘယ်သံလုံးလည်းရှိနေသဖြင့် ၀င်းဦးနှင့် ဇော်ဝင်းထွဋ်ပေါင်းစပ်ထားသလိုဟုနောက်ကြသည်။ စုံတွဲ ၃ပုဒ်ပါပါသည်။ တယောက်မှ အတူမဆိုအားသေး။ မေဆွိနှင့် ဒေါ်နွဲ့ယဉ်ဝင်းက စင်ကာပူမှာ Century Concert ဆိုနေသည်။ စင်ကာပူနေ ကျနော်က ရန်ကုန်ရောက်နေသည်။  စိမ်းမို့မို့က ၄ ရက်နေ့မှ အားမည်။ သူတို့လာသည်အထိမစောင့်နိုင်တော့ တကို်ယ်တော်ပဲ အရင်ဆိုနှင့်ရသည်။ မေဆွိက စင်ကာပူက ရန်ကုန်တန်းပြန်လာလျှင်စောင့်မည်ပြောတော့ သူက မလေးရှားဆက်သွားပြီးမှပြန်လာမည်တဲ့။ တိုင်မင်မကိုက်တော့။ အန်တီဒေါ်မြင့်မြင့်ခင်အား အသေးစိတ်မှာခဲ့ရတော့သည်။ ဒေါ်နွဲ့ကတော့ အချိန်မှီပြန်လာမည်။


၃ရက်အတွင်း အသံမြင့်နေရာတွေကို ချန်ထားပြီး သီချင်းအားလုံး အပြီးဆိုလိုက်သည်။ နောက်ဆုံးနေ့မှ ထိုနေရာတွေပြန်ဆိုရသည်။ ရွင်လန်း ချမ်းမြေ့ ပါစေ၊ ပိတောက်ချစ်သူ ၊ မျက်ဝန်းမှတဆင့်နှင့် အကျည်းတန် အရုပ်ဆိုးသီချင်းများကို သာ တပုဒ်လုံးသက်တောင့်သက်သာ ဆိုနိုင်ခဲ့သည်။  မြင့်းမိုရ်ထက်မြင့်သော သီချင်းထဲက (ရင်မှာ ချမ်းမြေ့ကြရတာ....လိမ္မာရေးခြား အတွေးများ...)။ သဇင်သီချင်းထဲက (သဇင်ပန်း ကိုဖြင့်...သာမန် လူသား ပေမို့..ချို့ချို့ငဲ့ငဲ့နဲ့ရယ်...)။ တကမ္ဘာ ခြားလဲ.. သီချင်းထဲက နောက်ဆုံးစာသား (ချစ်ကာနေမယ်မောင် တယောက်ထဲ...ရယ်.)။ ဆည်းဆာ သီချင်းထဲက (ဆယ်ဆယ်ကမ္ဘာ မခွဲရက်ပါ...)။ ဝေးပြီ သီချင်းထဲက..(ဝေးပြီ..ဆိုသော ခြောက်ခါဆိုရသည့်ခေါရက်စ် နေရာ။ လွမ်းငွေ့တဝေေ၀ သီချင်းထဲက အော်၇သောနေရာများစွာ။ ချန်ထားရသည်။ ပြန်လည် ဆုံဆည်းကြမယ်အချစ်ရယ် သီချင်းထဲက (မသွေညှိုးပြောင်းကြွေသွား နွေမိုးဆောင်းလေလား...) ဟူသော နေရာကိုတော့ ဘယ်လိုဆိုဆို မရ။ ငယ်သံပါနေသည်။ ကီးစပြော ကတည်းက အီးထလက်မပြောမိဘဲ အက်ဖ်ဟုပြောမိ သည်ကိုက မှားခဲ့သည်။ မတတ်နိုင်တော့။ ရသမျှရောက်သမျှအသံနှင့် သွင်းထားလိုက်ရသည်။ (နားထောင်ကြည့်လျှင် သိပါ လိမ့်မည်) ။ တကမ္ဘာခြားလည်း ချစ်နေမယ်တယောက်ထဲ သီချင်းသွင်းချိန်မှာ တိုက်ဆိုင်ကံကောင်းစွာ အန်ကယ်ဦးမင်းနောင်ကြီး (ဘာသာရေးပွဲတခုအတွက် ကိုကျော်စိုးနိုင်နှင့် ဓမ္မသီချင်းအချို့တိုက်ရန်) နှင့် အန်တီဒေါ်ရီလေး  စတူဒီယိုကိုရောက်လာသည်။ ကျနော်မှားနေသော စာသားများကိုပြင် ပေးသွားရင်း ဆိုဟန် များကို ပြပေးသွားသည်။
စိမ်းမို့မို့လာသည့်နေ့မှာတော့ ကျနော်ဆိုထားပြီးသော ဗားရှင်းကိုပဲ သူဆိုသည်ကို ကျနော်ကဘေးက အားပေးယုံ လိုချင်တာလေးတွေပြောယုံ။ သူကလည်း  သမ္ဘာကြီးမို့ နှစ်ကြော့လောက်နှင့် အချောသွင်း နိုင်ခဲ့ပါသည်။ လူကအသက်ရလာသော်လည်း အသံကတော့ အရင်လို ချိုတုန်းနုတုန်းနွဲ့တုန်းပင်။ လွန်ခဲ့သော ၂၃ နှစ် ၁၉၇၈ခုနှစ်က ရန်ကုန်မြို့တော်ခမ်းမသင်္ကြန်မှာ အတူဆိုခဲ့တာတွေ ထို့နောက် မြန်မာ့အသံမှာပေါ်လစီသီချင်းများဆိုဖြစ်တာတွေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြသည်။ မျက်ဝန်းမှ တစ်ဆင့် စုံတွဲတေးကို သည်မှာ ကြည့်ရှု နားဆင်ကြည့်ပါ။ http://www.youtube.com/watch?v=LMPPDqUZyoo
 မနက်စောစောနှင့် တနင်္ဂနွေနေ့နံနက်များမှာ့ မြင့်မိုရ်ထက်မြင့်သောသီချင်းအတွက် လိုအပ်သော အခန်းများ ရိုက်ရသည်ကို သီးသန့်ေ၇းပါဦးမည်။
ဒေါ်နွဲ့ယဉ်ဝင်းက စင်ကာပူ မလေးရှားမှပြန် လာကာ ခရီးပန်းသွားသဖြင့် တောင်းပန်သည်။ သူလာ သွင်းနိုင်မည့်ရက်က ကျနော်ပြန်မည့်နေ့ဖြစ်နေသည်။ ၁၁ နာရီလာမည်ပြောသည်။ ကျနော့်အပိုင်း ဆိုထားပြီး ဆိုသော်လည်း သူဆိုချိန်မှာ ဘေးမှာ အတူရှိနေချင်သည်။
ဝါရင့်အဆိုတော်ကြီးဖြစ်သောလည်း   ကိုယ့်သီချင်းမို့စိတ်ထဲကတော့ နည်းနည်း ပူပင်ချင်သေးသည်။ နောက်ဆုံး ဆုံးဖြတ် လိုက်သည်။ ဇနီးအား အထုပ်များနှင့် လေဆိပ်သို့အရင်သွားစေပြီး ကျနော်က ပတ်စပို့နှင့် ကြောပိုးအိတ်လွယ်ကာ စတူဒီယိုကို သွားသည်။ အချိန်က ၁နာရီခွဲ ။ ကျနော်စတူဒီယိုရောက် ဒေါ်နွဲ့လည်းရောက်။ သူ့ကြည့်ရတာ တကယ်ပင် ခရီးပမ်းနေပုံ။ မလန်းဆန်းသေး။
စင်ကာပူမလေးရှားစတိတ်ရှိုးနှင့်ဆက်နွယ်သော အရှုတ်တော်ပုံတွေ အကြောင်းပြောပြသည်။ ရောက်ရောက်ချင်း မမ အသံစသွင်းကြည့်ရအောင်ဟု ပြောရမှာ ရိုင်းလှသည်။ စကားစမြည် ပြောရင်း စောင့်ရင်းနှင့် ၁၂နာရီထိုးလောက်မှ စဆိုသွင်းဖြစ်သည်။ မြန်မာသံအဆိုနည်း သော်လည်း မြန်မာသံနှင့် စတက်ခဲ့သော အဆိုတော်ကြီးမို့ လိုလေသေး မရှိကောင်းလှပါသည်။ သို့သော်လည်း စာသားမှား ချောင်းဆိုးနှင့် ပြန်သွင်းရင်း ၁နာရီထိုးလာသည်။ ကျနော့်အခြေအနေအရ မသွားမဖြစ်တော့။ မောင်လေး စိတ်ချသာသွားဟုပြောပြီး ဒေါ်နွဲ့ ဆက်ဆိုကျန်ခဲ့သည်။ အားလုံးကို နှုတ်ဆက်ပြီး ကျနော်အောက်ဆင်းပြေး တက်စီငှားရသည်။ ပုစွန်တောင်က မင်္ဂလာဒုံဆိုတော့ တာမွေ ဘက်က မောင်းခိုင်းသည်။ ဘောက်ထော်နားလည်းရောက်ရော။ကားတွေပိတ်နေသည်ကိုမြင်ရသည်။ လူတွေလည်း ယောက်ယက်ခတ်နေသည်။ မေးကြည့်တော့ သင်္ကန်းကျွန်းမှာ မီးလောင်လို့တဲ့။ ကျနော် ချွေးပျံသွားသည်။ အချိန်က ၁နာရီ ၂၀။

Friday, 24 August 2012



အိပ်မက်ပန်းချီဒိုင်ယာရီ (၄)


ကိုတာတင်ဂီခရီးစဉ်က ပြန်လာပြီးကတည်းက ကျနော့်ကျန်းမာရေးအခြေအနေမှာ ဆိုးသထက်ဆိုးလာ တော့သည်။ အပူရှပ်ဖျားပြီးကတည်းက ပိတ်ရက်မှန်သမျှမနားပဲ ၇ိုက်ကူးရေးများဆက်တိုက်ပြုလုပ်ခဲ့ခြင်း၏ ရလာဒ်အဖြစ် အဖျားမရှိသော်လည်း မရပ်မနားချောင်းဆိုးလိုက်သည်မှာ ခေါင်းတွေပင်အုံလာရသည်။ အလုပ်ကလည်း ခွင့်ရက်ရှည်ယူထားပြီးပြီမို့ ထပ်မယူသင့်တော့။ အသံသွင်းရန် ၁၀ရက်ခန့်သာလို တော့သည်ဆိုကာမှ သီချင်းဆိုဖို့နေနေသာသာ သာမာန်အသံပင် ကောင်းကောင်းမထွက်တော့ပါ။ နောက်ဆုံး ရပ်ဖယ်လ်ဆေးရုံက အဆုတ်ရင်ခေါင်း ဆရာဝန်နှင့် ပြတော့ အဆုတ်နှင့် အဆုတ်ပြွန် ယောင်ကာ အသံအိုးကိုပိနေသည်ဟုဆိုသည်။ ဆေးများစွာပေးသည်။ တကယ့်ကို ပြသနာ။ သီချင်းခွေ ထုတ်ဖို့အသံသွားသွင်းပါမည်ဆိုကာမှ အသံမထွက်သောရောဂါဖြစ်ရသည်။ အသက်(၅၀)ပြည့်တော့မည်။ တသက်လုံးသည်လိုတခါမှ မဖြစ်ခဲ့ဘူးပါ။ စိတ်ဓါတ်အလွန်ကျသွားသည်။ စတူဒီယို+လေယာဉ်လက်မှတ် +အလုပ်ထဲကခွင့်ရှည် သုံးခုစုဆုံစီစဉ်ထားသည်ကို ဖျက်ရန်လည်းမဖြစ် နောက်တခါလည်း မစီစဉ်နိုင်တော့။ သည်လိုနှင့်အသံနည်းနည်းထွက်လာလိုက် ပြန်ဝင်သွားလိုက်နှင့် ရန်ကုန်သွားရမည့်ရက်သို့တိုင်ခဲ့သည်။ ဖြစ်ချင်ရာဖြစ်။ အသံမထွက်လည်း အပျော်ခရီးပေါ့။ အဆိုးဆုံး အခြေအနေကိုတွေးကာ ဇန်န၀ါရီ ၃၁ ရက်နေ့တွင်ရန်ကုန်သို့ရောက်ခဲ့သည်။ ဇနီးသည် ဥမ္မာက ရန်ကုန်မှာ သူ့မိဘထံပြန်လည်ရင်း တပါတ်ကြို ပြီး ရောက်နှင့် သည်။
ရောက်ရောက်ချင်းညမှာ တခါမှ လူချင်းမတွေ့ဘူးသေးသော ဂီတမှူးကိုကျော်စိုးနိုင်အား သူနေရာ လမ်း (၅၀)အနီး သွားတွေ့သည်။ ကျနော့်ကျန်းမာရေးနှင့် အသံကိုသူ စိတ်ပျက်သွားသည်။ ဘာပဲဖြစ်ဖြစ် နောက်နေ့နေ့လည် အစမ်းအသံသွင်းရန် ချိန်းခဲ့သည်။
ဖေဖော်ဝါရီ ၁ရက် မနက်အစောကြီး ရွှေဘုံသာ လမ်း ဆေးခန်းသွားကာ မြန်မာအထူးကုဆရာဝန်ကြီးအား အခြေအနေကို ရှင်းပြရသည်။ ဆရာဝန်ကြီးက သင့်လျော်ရာဆေးများပေးပါသည်။ စင်ကာပူကဆေးအပြင်း တွေနှင့် ယခုဆေးတွေ ကြောင့် လူလည်း အလွန်ပိန်ချောင်သွားကာ အားနည်းလှသည်။ အသံက မျော့မျော့ပဲ ထွက်သေးသည်။ ချောင်းဆိုးနှုန်းကျဲသွား ယုံပဲရှိသည်။ ထို့နောက် ရွှေတိဂုံစေတီိတော် ကြီးကို သွားဖူးမျှော်သည်။ ဘုရားမှာ မှတ်မှတ်ရရ လွမ်းငွေ့တဝေေ၀ မင်းသားမိုက်ကယ်စိုင်းနှင့် အကိုကြီး ဦးအောင်ဆွေတို့နှင့်တွေ့သည်။ ဘုရားကအဆင်း ဟာမစ်တစ်မှာ နံနက်စာစားပြီး အိမ်ပြန်ကာနေ့လည် အသံသွင်းရေးစီစဉ်ရသည်။
ပျားရည် သံပုရာသီး ဂျင်း လျက်ဆားနှင့် ရေနွေးဓါတ်ဘူးတို့ယူဆောင်ကာ ရွှေဘုန်းပွင့်ဘုရားလမ်းက ဆရာ ဦးရဲမြင့်တို့၏ကြယ်စင်အလင်းတန်းအမည်ရှိ စတူဒီယိုကလေးသို့ရောက်သည်။ နေရာကျဉ်းသော်လည်း အသံပိုင်းအရည်အသွေးများ အသံသွင်းစနစ်ပရိုဂ၇မ်များ ကောင်းမွန်ပါသည်။ ခေတ်ပြောင်းသွားပြီမို့ ရှေးကလို တိတ်ခွေကြီးတွေနှင့် ခမ်းမကြီးတွေမလိုတော့။ တီးဝိုင်းနေရာမလို။ ဗုံ နှဲ တယော ဂီတာ ဒရမ်ဆရာ တို့ကို ကျနော်မြင်ပင် မမြင်ဘူးလိုက်။ ဆရာ့ဇနီးအမကြီးဒေါ်ခင် နွယ်နွယ်နှင့်တွေ့သည်။ မတွေ့တာ နှစ် ၃၀ မကမို့ ၀မ်းသာရပါသည်။ ကိုကျော်စိုးနိုင်က ကွန်ပြူတာ ဖွင့် တီးလုံးဖိုင်လ်များ မိုက်ခရိုဖုန်း ကိုပြင်ဆင်သည်။ သီချင်း ၁၂ ပုဒ်ထဲက အသက်သာဆုံး ဆိုနိုင်မည့်သီချင်းကို ရွေးတော့ ရွှင်လန်းချမ်းမြေ့ပါစေကို ရွေးသည်။ စအထွက်မှာဘယ်အနိမ့်သံ။ ကီးကည်း စီ မို့ အဆင်ပြေသည်။ အော်သည့်နေရာက ကောရက်စ်မှာ တော့ (ဘေးဘယာတွေလည်းဝေးကွာ ကင်းငြိမ်းကြပါစေတော့လေ...) ကို မှီအောင် အသံထွက် သော်လည်း ဆက်တိုက်မဆိုနိုင်။ အဆုတ်အား မရှိသဖြင့် လေမဆက်။ စာတကြောင်းတခါစီ ဆက်ဆက် သွင်းရသည်။ ကြားထဲမှာ ချင်းပျားရည်ရေနွေးကို သံပုရာသီးညှစ် သောက်ရသည်။ ပြတ်တောင်းပြတ် တောင်းဆိုရတော့ ဈာန်မ၀င်။ ကြိုးစားပြီးဆက်တိုက်ဆိုတော့ မောသံပါ။ အတော် စိတ်ညစ်စရာ ကောင်းပါသည်။ သည်လိုနှင့် ထိုနေ့က ရွှင်လန်းချမ်းမြေ့ပါစေ နှင့် နောက်တပုဒ် ဆိုရသက်သာသည့် မျက်ဝန်းမှတဆင့် (အမျိုးသားအပိုင်းချည်း) နှစ်ပုဒ်သာ သွင်းဖြစ်ခဲ့သည်။
နောက်နေ့မနက်စောစောမှာ စိမ်းမို့မို့နေထိုင်ရာ သာကေတ ဧရာဝဏ်အိမ်ယာသို့သွားတွေ့ကာ သူအားမည့်ရက် အသံသွင်းရန်စီစဉ်ရသည်။ သူ့ခမျာ ညက မြ၀တီမှာ သွားရိုက်ရသဖြင့်မနက် ၄-၅နာရီမှပြန်ရောက်ကာ အိပ်မှုန်စုံမွှားနှင့် ထဧည့်ခံရ သည်။ 

အိပ်မက်ပန်းချီဒိုင်ယာရီ(၃)
ကိုတာတင်ဂီဒေသသည် ရှမ်းပြည်နှင့်မခြား တကယ်ပင် စိမ်းစိုအေးမြပြီး ရေတံခွန် ၏စိမ့်စမ်း ကျေးငှက် ပင်မြင့်တောတောင်ရိပ်များရှိယုံမက နံနက်စောစောတွင် မြူခိုးတွေဝေကာ ငှက်ပျော တော နာနတ်စိုက်ခင်း လေးများပါ တည်ရှိပေရာ ကိုစိုင်းအားတောင်ယာတွင် တကိုယ်တည်း ပေါင်းရှင်ြး့မက်နှုတ်စသော အလုပ်များ လုပ်နေ ဟန် ရိုက်နိုင်ခဲ့သည်။ သို့သော် စွပ်ကျယ် ဖြူဖြူဖွေးဖွေးအသစ်။ ရှမ်း ဘောင်းဘီပြာအသစ်၊ အသားကလည်း ဖွေးဆွတ်၊ဆံပင်က မဲမှောင် သပ်ယပ်၊ လက်ပတ်နာရီပြောင်တလက်လက်နှင့်မို့ မြန်မာ ရုပ်ရှင်အချို့ထဲကလို နည်းနည်းတော့ သဘာဝမကျဖြစ်ခဲ့ရပါသည်။ (မင်းသမီးဇွန်ပွင့်ဖွေးဖွေးနှင့်စုံတွဲခန်းများ ရိုက်ကူးရေး အကြောင်းများ ကိုတော့ နောက်ပိုင်းတွင်ဖော်ပြပါမည်။)  
ဆည်းဆာ စုံတွဲသီချင်း..... ကို ဇန်န၀ါရီလ ၂ရက်နေ့ညနေမှာပင် ရိုက်ကူးခဲ့သည်။ ထိုနေ့မှာ ၄ နေရာပြေးကာ အစွမ်းကုန် ရိုက်လိုက်သည်မို့လူတွေအားလုံးလည်း အတော်ပမ်းသွားပါသည်။ ကိုယ်စိတ် အပင်ပမ်းရဆုံး ကျနော်ကတော့ အပျင်းဖျားရန်တာစူနေခဲ့သည်။ ကိုယ့်ကိုယ်ကိုမသိ။ (လှိုင်းကလေးတွေ ဖွေးကာဖွေးကာ ပြာသောကောင်းကင်အောက်မှာ ချစ်စရာ ဆည်းစာ....)ဟု စထွက်လာရမည်မို့ ရေစပ်ရှိသော လှပသော နေရာ နှစ်ခုကိုရွေးခဲ့သည်။ တနေရာက မြို့ထဲ ရေသူမခြင်္သေ့ရုပ်ပန်းခြံ (Merlion park) နှင့် ကျွန်းအရှေ့ဘက် ပါဇာရစ် ပင်လယ်ကမ်းခြေ။ တမူထူးခြားစေရန် စုံတွဲ နှစ်တွဲကို သရုပ်ဆောင်စေသည်။ တစ်တွဲက သဇင်သီချင်းထဲက စုံတွဲဖြစ်သော ထွန်းပြည့်စုံ(အောင်ပြည့်စုံ)နှင့် ဆုမြတ် (သဇင်မှာ ကွဲခဲ့ရသော်လည်း သည်တခါတော့ ရွှင်မြူးစွာတွဲကြရသည်)။ နောက်တစ်တွဲက သမီး (ဆွီတီထွန်း) နှင့် စတီဗင်နောင် (မောင်ဝင်းနောင်)ဖြစ်သည်။ မောင်ဝင်းနောင်က လူငယ်ဟန် အပြည့်ရှိ သေးသော အလုပ်ထဲမှာ Client အဖြစ် တွေ့ဆုံသိကျွမ်းရင်းနှီးခဲ့သော အင်၈ျင်နီယာ လူငယ်တဦးဖြစ် သည်။ သူကဓါတ်ပုံဝါသနာအိုး။ သရုပ်မဆောင်ဘူးသော်လည်း အနုပညာပိုးအခံနှင့် ကျနော့်အားခင်မင် လေးစားမှုကြောင့် ကူညီခြင်းဖြစ်သည်။
Merlion park ကို အုပ်လိုက်ကြီး ရောက်သွားကြ တော့ အလွန် ကံမကောင်းစွာ ကောင်းကင်က မိုးသား တွေမှိုင်းညို့နေသည်။ ပြာဖို့ နေနေ သာသာ။ လှိုင်း ကလေးတွေကလည်း မဖွေးနိုင် တော့။ မတတ်နိုင်တော့ပါ။ နောက်တခါပြန်ချိန်းဖို့မှာ မလွယ်သလို မိုးနေ အစိုးမရသော စင်ကာပူမှာ ကောင်းကင်ပြာရန် အာမခံချက်မရနိုင်။ ရေသူမ ခြင်္သေ့ရုပ်ကြီးနံဘေးမှာ လှည့်ပတ်ကာ စုံတွဲ နှစ်တွဲကို နည်းနည်းစီရိုက်ရသည်။ ထိုစဉ်က Marina Bay Sands သင်္ဘောပုံညီနောင်သုံးဖော် ဟိုတယ်ကြီးမှာ ဆောက်လက်စ။ သူ့ကိုအဝေးမှမြင်ရပုံကိုလည်း ပါအောင် ထည့်ရိုက်ပြ ကြွားရသေးသည်။ ကျနော့်မဟာ အမှားမှာ သရုပ်ဆောင်တွေကို မလိုအပ်ပါပဲ စာသားကို လိုက်ဆိုစေခဲ့မိခြင်းဖြစ်သည်။ သို့အတွက် သူတို့စာသားအလွတ်မရပဲ ထစ်နေခြင်း။ အချိန်တိုင်မင် မကိုက်ခြင်းတို့ဖြစ်ကာ တည်းဖြတ် သောအခါ အလွန်ဒုက္ခရောက်ခဲ့ရသည်။ အပြစ်ပြောလို့လည်းမရ။ သည်သီချင်းများက ကျနော်တို့ တရေးနိုးထဆိုနိုင်သော်လည်း သူတို့အတွက်က အသစ် အဆန်း။  သည်ကြားထဲ ရွှေမြန်မာတွေ အခြား ကုလားအလုပ်သမားတွေ တိုးရစ်စ်တွေပေါများရာ နေရာဖြစ် သောကြောင့်လည်း သရုပ်ဆောင်များမှာ ရှက်ကြရသည်လေ။
 မြို့ထဲကနေ ပါဇာရစ်ကမ်းခြေကို တက်စီ နှစ်စီးဖြင့်ပြေးကြရောက်ကြ အ၀တ်လဲပြီးကြတော့ ကောင်းကင်က မြို့ထဲလိုပင် ဖြူယော်ယော်၊ ပြာရောင်လေးသန်းယုံမျှ။ ဘာပဲဖြစ်ဖြစ် သဲသောင်ကမ်းခြေမှာ လက်ချင်းတွဲ လမ်းလျှောက်ကြ၊ လေတဖြူးဖြူးအုန်းပင်တန်းမှာ တွဲလျှောက်ကြ၊ ကျောက်ဆောင်မှာ အတူထိုင်ကြ၊စသော လှပသော ရိုမင့်တစ်ခန်းများကိုရခဲ့သည်။  သဇင် သီချင်းအတွက် ဇာတ်ဝင်ခန်းဖြစ်သော (အကြည် ဆိုက် သွားသည့် သဇင်နှင့်ဖြိုးကိုကိုတို့က အပျော်ကြီးပျော် မိုးမမြင်လေမမြင်ဖြစ်ကာ ခုံမှာထိုင်စာဖတ် နေသော အောင်ပြည့်စုံအားမမြင်ပဲရှေ့က ဖြတ်လျှောက်သွားကြပုံ)ကိုလည်း ရိုက်ရသေးသည်။   ထိုအခန်းမှာ မျက်မှန်လေးချွတ်ကာ သူတို့အတွဲကို မျက်စေ့တဆုံးကြည့်ရင်း ဆွေးမြေ့စွာ ခေါင်းလေးညင်သာစွာရမ်းယင်း မျက်မှန်ပြန်တပ်လိုက်သော အခန်းကို အောင်ပြည့်စုံက အနည်းငယ်ညွှန်ပြယုံနှင့် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါသည်။ (သည်မှာhttp://www.youtube.com/watch?v=4XUMnQjMLBg ကြည့်ရှုခံစားနိုင်ပါသည်)
ကမ်းခြေမှာရိုက်စဉ် ဟာသများစွာဖြစ်ရသည်။
ရေစပ်မှာလမ်းလျှောက်စဉ် ရွှံ့နွံထဲကို မောင်ဝင်းနောင် ခြေထောက် နစ်ဝင်သွားသဖြင့် ချော်လဲ မတတ်ဖြစ်ရခြင်း။ ဆုမြတ် ဘောင်းဘီခါးတို လွန်းသဖြင့် ထိုင်လိုက် သောအခါ ခါးပေါ်သွားခြင်း။ သောင်ပြင်မှာ အမှတ်တမဲ့တွေ့ရသော ငါးသေ လေးကို ဆုမြတ်အား အောင်ပြည့်စုံကပေးသော အခန်းမှာလည်း ရုတ်တရက်အကြံရပြီး ထည့်ရိုက်လိုက်သည်မှာ အမြင်လှသွားပါ၏။ နောက်ဆုံးခန်းကိုတော့ မောင်ဝင်းနောင်အား ဆွီတီက မျက်လုံးကို အ၀တ်စီးပြီးပြေးတန်း လိုက်တန်းကစားရင်း အောင်ပြည့်စုံအား ယောက်ျားချင်းမှားဖက်မိပုံဖြင့် ဟာသ ဆန်ဆန် အဆုံးသတ်ထားသည်။ (ကျနော်နှင့် မေဆွိတို့၏ စုံတွဲအဆိုနှင့် သရုပ်ဆောင်များ  ရှုခင်းအလှများကို သည်မှာ ကြည့်ရှုခံစားနိုင်ပါသည်)http://www.youtube.com/watch?v=LNcweApV5ng

 

Thursday, 23 August 2012



အိပ်မက်ပန်းချီဒိုင်ယာရီ(၂)



မေခင်ကျနော့်အချစ်တော်....၊။  ထိုနေ့မှာပင် အောင်ကျော်ခိုင်နှင့် သူ့ဇနီးသီရိတို့အားလည်း ၀င်းဦး၏ သီချင်းအမြူးလေးအတွက် chinese garden ပန်းခင်းတွေကြားရိုက်ခဲ့ရသေးသည် ။ လင်မယားဖြစ်နေ သောကြောင့် ကြောင်ခြင်း ရှက်ခြင်းမရှိ အသက်ဝင်နေသည်။ (နောက်ပိုင်း ထိုသီချင်းကို မသုံးဖြစ်ခဲ့ပါ.. အစားထိုးအနေဖြင့် ပြန်လည် ဆုံဆည်းကြမယ်အချစ်ရယ်ကို သီဆိုရိုက်ကူးခဲ့ရာ ထိုနှစ်ယောက်ပင် အမြူးအစား အလွမ်းသရုပ်ဆောင်ခဲ့ပါသည်။) ။
ထိုစဉ်ကာလများက ကျနော့်အလုပ်အခြေအနေကို ပြောပြရန်လိုပါသည်။ အလုပ်က RTO (Resident Techincal Officer)ခေါ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စစ်ရဆေးရသော အလုပ်ဖြစ်ပြီး (ရှေးက မြန်မာ အခေါ် အင်စပက်တော် ပေါ့) စင်ကာပူမှာ ကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင်ဌာနက မြေအောက်ဘူတာ သစ်တွေ မြန်မြန်ပြီးချင်ဇောဖြင့် ကျားလိုက်သလိုလုပ်ကြတော့ စနေတနင်္ဂနွေရယ်လို့ မရှိ။ သည်တော့ ကျနော်တို့လိုလူတွေ၏ နားရက်မှာ ဖြစ်ချင်သလိုဖြစ်နေသည်။ ကြားရက်မှာ နားလိုနားရ။ သည်တော့ ရိုက်ကူးရေးအတွက် ကျန်သူများနှင့် စနေတနင်္ဂနွေမှာအတူဆုံရဖို့က ခက်ခဲလွန်းသည်။ ထို့ကြောင့်လည်း ကျနော်သည် ရန်ကုန်ကို အသံသွားမသွင်းမှီ ဒီဇင်ဘာ ဇန်န၀ါရီလအတွင်း ရသမျှ အားလပ်ရက်များကို အားသောသရုပ်ဆောင်နှင့်ချိတ်ပြီး ရိုက်ကူးရေးကို အတတ်နိုင်ဆုံးပြီးအောင် (ဆန္ဒစောစွာ) စီစဉ်နေ ခဲ့ခြင်းဖြစ်ပါသည်။ (ဇွန်လ ရွှေရတုမွေးနေ့မှာ အခွေထုတ်ပြီးဖြစ်ချင်ခဲ့သည်လေ။)။

သရုပ်ဆောင်မည်သူမျှမအားပဲ ကျနော်အားသော ကြားရက်များမှာညနေပိုင်းများမှာပင် အအား မနေပဲ ကိုအောင်နိုင်ကျော်ကို ချိန်းဆိုပြီး ရှုခင်း တွေချည်း လျှောက်ရိုက်ရသေးသည်။ တေးစာ သားများမှာက များစွာလိုအပ်သည်လေ။ ပန်းခင်း တွေ ရထားလမ်းတွေ ရှားရှားပါးပါး ဘူကစ် ဂေါဘတ် မီးသင့် နိုရိုက် (Igneous Norite Rock) ကျောက်သား တောင် ကြီးတွေကို ရိုက်ထားရသည်။ (ရေမြေတောင်တော တွေကို မျှော်ကြည့်စမ်း ပါ.....အခြေမတူတာ တွေပေါင်းစပ်ကာ ဖန်တီးလာ..စာသားအတွက်..)။ ဇန်န၀ါရီလအတွင်း ဟိုတခါ အပူရှပ်ဖျားပြီးကတည်းက ကျန်းမာရေးကဒေါင်ဒေါင်ကို မမြည်တော့ ။ ချောင်းဆိုးလိုက် ပြန်ပျောက်လိုက်။ အတီးခွေရှိနေပါလျက်နှင့် အဆိုကျင့်ကြည့်သောအခါ အသံမှာ ဆိုးဝါးလှသည်။ အသံမြင့်များတွင် လုံးဝမအော်နိုင်။ အသံနိမ့်တွင်လည်း လည်ချောင်းက မရှင်း။ သုံးလေးရက်နေရင် ပျောက်သွားမှာပါ ဟုထင်ခဲ့သည်။

 

လွမ်းငွေ့တဝေေ၀

ဇန်န၀ါရီ၂၂ရက်မှာတော့ ကင်မရာမင်း ကိုအောင်နိုင်ကျော်၊ ကျနော်နှင့် မင်းသား ကိုစိုင်း တို့ မလေးရှားသို့ တညအိပ်ခရီးထွက်ခဲ့သည်။ သည်ခရီးအတွက်လည်း ၂ ပါတ်ခန့်ကြိုပြီး စီစဉ် ဟိုတယ်ဘွတ်ကင် လုပ်ထားခဲ့ရသည်။ 
၁၉၈၀ခန့်က လွမ်းငွေ့တဝေေ၀ဆိုသော ရုပ်ရှင်ထဲမှာ ရှမ်းမလေး ဆွေဇင်ထိုက်အတွက် မာမာအေးက ဆိုခဲ့သော သီချင်းဖြစ်သည်။ သံစဉ်ကိုအလွန်ကြိုက်ခဲ့သည်။ မိန်းကလေး ခံစားချက်ဖွဲ့ဖြစ်သဖြင့် သံစဉ်က နွဲ့သည်။ သို့သော် ၁၉၉၉ ခန့်က ကိုညီပုက ဂျာ့ဇ် စတိုင်လ်ဖြင့် အမျိုးသားဟန်ဆိုခဲ့တာကြားရတော့ သဘောကျခဲ့ သည်။ သည်တခါကျနော်က ဒီသံစဉ်ကိုပဲ ခပ်ဟော့ဟော့နှင့်လွမ်းရန်တီးရန်ဆိုရန်စီစဉ်သည်။ တီးပေးထားတာ ကလည်း ကျနော့် စိတ်ကြိုက်ပင်။ အရေးကြီးသည်က လွမ်းမည့်သူက အမျိုးသားဖြစ်သွားတော့ ရှမ်းလူမျိုး အစစ်ကိုသုံးချင်သည်။ သို့နှင့် ရပ်ဆွေရပ်မျိုးဟုဆိုရမည့် ဘီဒုတ်ရပ်ကွက်နေ ကာမိုင်းသားရှမ်းလူမျိုး အင်ဂျင်နီယာကလေး ကိုစိုင်းစိုးဟန် ကိုအကူအညီ တောင်းရသည်။ သူကရှက်တတ်သည့်အပြင် ကိုယ်ခန္ဒာက ၀၀တောင့်တောင့်မို့ သူ့ဘာသူ ဘ၀င်မကျပဲ ငြင်းသည်။ ကျနော်ကဇွတ်ပြောတော့ သဘောတူသွားသည်။ မင်းသမီးကိုတော့ ဆေးရုံမှာလုပ်သော ရှမ်းတိုင်းရင်းသူစစ်စစ်လေးဖြစ်သော ဇွန်ပွင့်ဖွေးဖွေး (ကျနော့်ငယ်သူငယ်ချင်း သစ်သစ်က သူ့အမျိုးသား ဒေါက်တာမြတ်မော်ထွန်းကတဆင့် ဆက်ပေးသည်။) ကိုရွေးသည်။သို့သော် မိန်းကလေးတဦးတည်းမို့  မလေးရှားခရီးသို့မလိုက်နိုင်ခဲ့။  သည်တော့စုံတွဲခန်းကိုနောက်မှ စင်ကာပူမှာရိုက်ရမည်ပေါ့။ 
မလေးရှား ကိုတာတင်ဂီ မှာ ရေတံခွန် တောတောင်တွေရှိသဖြင့် သီချင်းစာသားအရ ရှမ်းပြည်နှင့် ဆင်တူသည်။ စင်ကာပူမှာ မည်သို့မျှရိုက်မရ။ ဘူဂစ်ဘူတာအနီးမှ တက်စီစင်းလုံး ငှားသွားကာ ၂နာရီအကြာမှာရောက်သည်။ လမ်းမှာရှိသော တောရိပ်တောင်ရိပ်ထဲက မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် (မြတ်ဘုရားရှေ့ဆုပန်ချွေ..မင်းကိုလေ တနေ့မှမေ့မရ ကိုယ့်ဘ၀ကမပြေ)ဟူသောစာသားအတွက် တနာရီခန့်ကြာအောင်ရိုက်ခဲ့ရသည်။ ကော်လံဂတုံးတွေ ပုဆိုးတွေနဲ့ပေါ့။ စင်ကာပူက အိမ်ထဲက ကြုံရာ ဘုရားစင်မှာ မရိုက်လို။ (အော်...သီချင်းထဲ ရုပ်ရှင်ထဲမှာ စက္ကန့်ပိုင်းလေးမျက်စိပသာဒအတွက် စေတနာထားလျှင်ထားသလို အတော်ပင်ပမ်းပါလား..)  Kota Tingi Waterfall resort သို့နေ့လည်ရောက်တော့ အထုပ်ချပြီးသည်နှင့်မနားနိုင်ပဲ  ရေတံခွန်နားအထိ ချက်ခြင်း သွားကြကာ ကိုစိုင်းကို ရှမ်းဝတ်စုံလဲစေကာ ရိုက်ရသည်။ နေပူလွန်းသောကြောင့် သူ့မျက်နှာမှာ ဆွေးရမည့်အစား ရှုံ့မဲ့စူပုပ်နေသည်။ ညနေ အခန်းရောက်ပြီး အနီးအနားလေ့လာကာ နေ၀င်ခါနီးမှာ ဟိုတယ်ကော်ရီဒါမှာ အဆွေးရုပ်ကိုရိုက်ရသည်။ နောက်နေ့ မနက်အစောကြီးထကာ (ညိုပြာရီရွှေ တိမ်ခြေမြုမှင်ဆိုင်း မှိုင်းတလဲ့လဲ့ သိုင်းဖွဲ့ကာနေ..) အတွက် လျှောက်ရိုက်ရသည်။ ပတ်ဝန်းကျင်သည် တကယ်ပင် လွမ်းမောဘွယ် အေးမြသာယာလှပပါသည်။ ကျနော့်မှာ ချောင်းအလွန်ဆိုးနေသောကြောင့် Antibiotics အပြင်းစားတွေသောက်နေရသဖြင့် သင့်မြတ်လှသောရာသီဥတုတွင် ယမကာပင် မမှီဝဲနိုင်ခဲ့ပါ။  သီချင်းလေးကိုခံစားကြည့်ပါဦး  http://www.youtube.com/watch?v=0x68yBZBMIc

Wednesday, 22 August 2012



အိပ်မက်ပန်းချီဒိုင်ယာရီ(၁)

နိုင်ငံရေးမဟုတ် လူမျိုးရေးမစပ် စီးပွားရေးမစွက် လူမှုရေးလည်း မဆိုသာသော ကျနော်ယခုရေးမည့် စာစုသည် ကျနော်၏ personal ဆောင်းပါးသက်သက်သာလျှင် ဖြစ်ပါသည်။ သြဂုတ်လ ၂၁ ရက်မှာမှ အမှတ်တရ ရေးချင်သောကြောင့် ယနေ့တင်ရပါသည်။  မြန်မာ့ဂီတ ဗီဒီယိုစသော အနုပညာတို့ကို စိတ်ဝင်စား ၀ါသနာပါမြတ်နိုးသူ ၊ ကျနော့်အား အထူးတလည် ခင်မင်သူ မိတ်ဆွေများအတွက်သာ ပေါ့ပေါ့ပါးပါး အချိန်ပေးဖတ်လို့ကောင်းမည့်စာ ဖြစ်နိုင်ပါကြောင်းလည်း ကြိုတင် အသိပေးအပ်ပါသည်။ ထို့ကြောင့် ဂီတအနုပညာဟူသည် လူ့ဘ၀မှာ ဘာမျှ အရေးမကြီး၊ အရည်မရ အဖတ်မရဟု ထင်သူများ အတွက်တော့ ဆက်မဖတ်လျှင်ကောင်းပါမည်။  ဖတ်လိုသည်ဆိုလျှင်တော့.....။


ကျနော်သည် မနှစ်က ၂၀၁၁ခု သြဂုတ်လ(၂၁)ရက်တွင် စင်ကာပူ Hill Street တရုတ်ဘုံကျောင်း ခန်းမမှာ ကျနော်၏ဘ၀အတွက်ပထမဆုံး အမှတ်တရ မြန်မာသံသီချင်း ဒီဗွီဒီအခွေထုတ်ဝေခြင်း မိတ်ဆက် အဖြစ် စင်ကာပူရှိမိတ်ဆွေများ အား ဘိတ်ကြားပြီး ပရက်စ်ရှိုးဆန်ဆန် ကျင်းပခဲ့ပါသည်။ တနှစ်လည်သော ယနေ့ တွင် ထိုစီးရီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီခဲ့သူအပေါင်းအား ကျေးဇူး တင်သော အမှတ်တရအဖြစ် ထိုဆီးရီးဖန်တီးခဲ့စဉ်က အကြောင်းအရာများကို စိတ်ဝင်စားစဖွယ် ဒိုင်ယာရီဆန်ဆန် (ဒဏ္ဍာရီဆန်ဆန်မဟုတ်ပါ) ရေးသားလိုက်ပါသည်။  
ယခုနောက်ပိုင်း စင်ကာပူနေလူငယ်လေးများ သီချင်းဆိုနေ ရိုက်နေကြပြီဟု သိရသော်လည်း စင်ကာပူမှာ ကျနော်က ပထမဆုံး တကိုယ်တော်မြန်မာသီချင်းဗွီဒီယိုဆီးရီး MTVစတင် ကြိုးပမ်းထုတ်ဝေခဲ့သူ ဟုယူဆပါသည်။ သို့ကြောင့်လည်း သည်စာစုဖြင့် မှတ်တမ်းတင်လိုခြင်း ဖြစ်ပါသည်။ သည်လောက် အလုပ်များတဲ့ အချိန်မရှိတဲ့ စင်ကာပူမှာ အမ်တီဗွီဆီးရီး ဘယ်လို လုပ်ခဲ့သလဲဟု မေးခဲ့သူများ အတွက် အဖြေဟုလည်းဆိုနိုင်ပါသည်။
ကျနော်သည်ငယ်စဉ်ကတည်းက အနုပညာ(ဂီတ-အဆို)ပိုးကြီးမားကာ မြန်မာသီချင်းများကို ချစ်ခင် စွဲလန်းခဲ့သော်လည်း၊ ဂီတနယ်မှာ ဆက်စပ်မှုများရှိသော်လည်း၊ အကြောင်းကြောင်းကြောင့် (အဓိကက ငွေကြေး) သီချင်းဆီးရီး မထုတ်နိုင်ခဲ့ပဲ ပွဲလမ်းများမှာ အပျော်ဆိုကာသာ ကျေနပ်ခဲ့ရသည်။ (အသက် ၂၀ကျော်တွင် မြန်မာ့အသံမှာသီချင်းကြီးအချို့နှင့် ရုပ်မြင်သံကြားမှာ ခေတ်ဟောင်းတေးများ ၃-၄ ပုဒ်ဆိုလွှင့်ခဲ့ဘူးပါသည်)။ စင်ကာပူရောက်လာတော့ ဂီတမိတ်ဆွေများနှင့်တွေ့ကာ ပွဲလမ်းများတွင် ဆိုဖြစ်ခဲ့သပေါ့။ အသက် ၅၀ပြည့်သောနှစ်၊ အချိန်ခက်ခဲသော စင်ကာပူဘ၀ မှာကျမှ တေးစီးရီး ထုတ်ရန်အကောင်အထည်ဖော်ဖြစ်ခဲ့ပါသည်။ ချန်လှပ်ထားမရသည်များမှာ ၂၀၀၀ ခုနှစ်တွင် စင်ကာပူမှ ရန်ကုန်ခဏပြန်စဉ် တေးဆီးရီးထုတ်ရန် အသေးစိတ်တိုင်ပင် စီစဉ်ပြီးကာမှ စန္ဒရားဦးလှထွဋ် ရုတ်တရက် ကွယ်လွန်သွားခြင်းကြောင့် အစီအစဉ်အစစ ပျက်ပြားသွားခဲ့ရခြင်း၊ ဆယ်နှစ်အကြာ ၂၀၁၀ခု ရောက်မှ ငယ်စဉ်ဒေသကောလိပ်တုန်းက ဆရာ ဦးရဲမြင့် (တေးသံရှင်ကျော်မြတ်သူ..ယခု သင်္ဘောအင်ဂျင်နီယာ) က စင်ကာပူရောက်ခဏလာစဉ် ၂၀၁၀ခု ဆင်ဘာဝမ် တန်ဆောင်တိုင်မှာ ကျနော်နှင့် နန်းခင်မွှေး စုံတွဲသီဆိုနေသည်ကိုတွေ့သွား၊ စင်ပေါ်ကအဆင်းမှာ နှစ် ၃၀ မက ကွဲကွာနေသော တပည့်ကျနော်အား လာစောင့်စကားပြောရင်းက တိုက်တွန်းအားပေးခဲ့ခြင်း တို့ကို ဖော်ပြရ မည်ဖြစ်ပါ သည်။ သိုနှင့် ဆရာ၏တိုက်တွန်းမှုကြောင့် ဆရာဖွင့်ထားသော စတူဒီယိုလေးမှတာဝန်ခံ ရန်ကုန်နေ ကီးဘုတ်ဆရာ ကိုကျော်စိုးနိုင် (မယ်လိုဒီဝေါလ်)နှင့် အီးမေးဖြင့်စတင်ဆက်သွယ်ကာ လုပ်ငန်းစဖြစ်ခဲ့သည်ဆိုပါစို့။ အားလပ်ချိန် အလွန်ရှား အလုပ်များသည့်ကြားက မဖြစ်ဖြစ်အောင်လုပ်မည်ဟုဆုံးဖြတ်ချက်ချခဲ့ပါသည်။
မြန်မာသံသီချင်းကောင်းအသစ်ရေးပေးမည့်သူကို ရရှိရန်ခက်ခဲလွန်း၍ သီချင်းအဟောင်းများ ကိုပင်ပြန်ဆို ရန် တွေးတော့ ကျနော်က ဘယ်သံ အသံလုံးကြီးသောကြောင့် မိမိကြိုက်သည့်သီချင်းတိုင်း ဆိုလို့မသင့်ပဲ လိုက်ဘက်မည့် သီချင်းများကိုသာရွေးချယ်ရသည်။ ၁၉၇၀-၈၀ ၀န်းကျင်က ကျော်ကြား ခဲ့သော ရေဒီယိုနှင့်ရုပ်ရှင်သီချင်းများ။ ကိုကျော်စိုးနိုင်အား တေးရေးသူများ သို့မဟုတ် ကျန်ရစ်သူ ဆွေမျိုးများအား ရှာဖွေ ၀ယ်ယူစေခြင်းက စခဲ့ရပါသည်။ ကျနော်ရွေးခဲ့သောသီချင်းများက အိပ်မက်ပန်းချီ အလှပျို(၀င်းဦး)၊ ရွှင်လန်းချမ်းမြေ့ပါစေ (ညွန့်ဝင်း)၊ မြင်းမိုရ်ထက်မြင့်သော(နီနီဝင်းရွှေ)၊ ပြန်လည် ဆုံစည်းကြမယ် အချစ်ရယ် (စန္ဒရားချစ်ဆွေ)၊ တကမ္ဘာခြားလည်းချစ်နေမယ်(ကိုမင်းနောင်)၊ ပိတောက်ချစ်သူ(ဇော်ဝမ်း+မာမာအေး)၊ သဇင် (ဇော်ဝမ်း)၊ အထီးကျန်အရုပ်ဆိုး(ဇော်ဝမ်း)၊ ဝေးပြီ (စန္ဒရားလှထွဋ်)၊ မျက်ဝန်းမှတဆင့် (၀င်းဦး+ရီရီသန့်)၊ ဆည်းဆာ (မာမာအေး) ၊ လွမ်းငွေ့တဝေေ၀(မာမာအေး)တို့ဖြစ်သည်။ တေးရေးခက သတ်မှတ်ချက်မရှိပဲ သူတို့ တောင်းသလောက်ဖြစ်သည်။ အောက်ထစ်ကတော့ တပုဒ် ၅သောင်း။  ငွေရပြီးနောက် တေးရေးသူ များ၏ခွင့်ပြုချက်ရတော့ ဂီတအစည်းအရုံးကိုရန်ပုံငွေပေးကာ စာပေ စိစစ်ရေးကို စာသားများလျှောက်လွှာ ကြိုတင်ရသည်။ (ယခုတော့ ထိုအဆင့်တွေ လျှော့သွားပြီ လားမသိပါ)။ နာမည် ရွေးတော့ (အောင်ခိုင်) ဟုသာ ကျနော်နှစ်သက်သလို လျှောက်လွှာတင်ပြရာ ရုပ်ရှင်လူကြမ်း ကိုအောင်ခိုင် ရှိနှင့်နေယုံမက သူကပါ မြန်မာသံသီချင်းများ စဆိုနေသောကြောင့် (မင်းအောင်ခိုင်)ဟုပြောင်းပေးလိုက်ပါသည်။ မင်း ဟူသော စာလုံး လေးကို နှစ်သက်သောကြောင့်ပါ။ မွန်လူမျိုးမဟုတ်ပါ။ ကာကွယ်ရေးဘက်ကလူကြီး တယောက်နှင့် အမည်ဆင်နေသည်ကို နောက်မှ သတိရလာသော်လည်း မပြင်ချင်တော့ပါ။
ကျနော့်သီချင်းများက မြန်မာသံနှင့်ဘိုသံရောနှော နေသော ကြောင့် စိတ်ချ၇သော ကြေးစား တူရိယာ ပညာရှင် စုံလင် သော ရန်ကုန်မှာပဲအသံသွင်းရန်ဆုံးဖြတ်ခဲ့သည်။ (စင်ကာပူမှာ ကူညီ တီးပေး မည်ဟုပြောသောသူငယ်ချင်းများရှိပါသည်။ သို့သော် တယော ဗုံ နှဲ ကအစ သပ်ယပ်ပါ့ မလား၊ အသံသွင်း သောအခါ စလုံးအင်ဂျင်နီယာနှင့်ဖြစ်ပါ့မလားဟု တွေးပူခဲ့ ရိုးအမှန်။)။ သို့နှင့် သီချင်းပုဒ်ရေ စာသား ကီး အကြော့ အတီးပိုဒ်များပါမကျန်  အသေးစိတ် ကိုကျော်စိုးနီုင်နှင့် (လူချင်း လုံးဝမတွေ့)ပဲ အီးမေး+ဖုန်း ဖြင့်သာ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး သူ့ထံက အတီးချည်း အခွေကို ၂၀၁၀ ဒီဇင်ဘာလကုန် ခန့်မှာ လူကြုံနှင့် စီဒီနှင့် ရရှိခဲ့ပါသည်။ ကျနော် အဆိုကျင့်နှင့်ရန်။  နားထောင်ကြည့်သော် အတီးက အလွန်ကျေနပ်စရာ ကောင်း လှပါသည်။ ကျနော်က ချေးများသည်။ မြန်မာသံနေရာ မြန်မာဆန်မှ။ ဗိုလ်သံနေရာဆို လည်း ပီပြင်စွာမြူးမှ။ ထို့နောက် ရက်ရှည်အားလပ်နိုင်သော တရုတ်နှစ်ကူးရက် (၂၀၁၁ ဖေဖော်ဖော်ဝါရီ ၁-၁၀)ကို အလုပ်မှာလည်း ခွင့်ကြိုယူ။ လေယာဉ် လက်မှတ်လည်း အစောကြီး ကြိုဝယ်။ စတူဒီယိုကိုလည်း ဘွတ်ကင်ကြိုလုပ်။ အစစ နှစ်လ ကြိုစီစဉ်ခဲ့သည်။
စုံတွဲဆိုရန်တေးသံရှင် အမျိုးသမီး ၃ဦးနှင့်ဆက်သွယ်ရသည်။ သီချင်းနှင့် လိုက်ဘက်သော ကျနော်ကြိုက် သောသူများ။ ပိတောက်ချစ်သူအတွက် ဒေါ်နွဲ့ယဉ်ဝင်း။ ပြောဆို ကြည့်တော့ အဆင်ပြေသည်။ မျက်ဝန်းမှ တစ်ဆင့်အတွက် ဒေသကောလိပ် ကျောင်းသားဘ၀က ငယ်သူငယ်ချင်း စိမ်းမို့မို့။ အထူးပြောစရာ မလို။ သူက၀မ်းသာအားရသဘောတူသည်။ ဆည်းဆာ (မူရင်း မာမာအေး တကိုယ်တော်) ကိုစုံတွဲပြုပြင် တီထွင်ဆိုချင်တော့ ငယ်စဉ်ကတည်းက ဖေးဘရိတ် စွယ်စုံရ အဆိုတော် မေဆွိကို ရွေးချင်သည်။ သူ့အသံ ချိုချို စူးစူးနှင့်လိုက်မည်။  သို့သော် အမေရိကမှာ နေသူကို ဆက်သွယ်ဖို့ အတူအသံသွင်းဖို့က  အတော် ခက်သည်။ အိပ်မက်ဆန်လှသည်။ နောက်ဆုံး အမေရိကနေ ငယ်သူငယ်ချင်း ကိုသိန်းဆွေ (ကီးဘုတ်)ကဖုံးနံပါတ်ပေးရာက အဆက်အသွယ် ရခဲ့သည်။ ဖုန်းထဲက မိမိဘာသာ မိတ်ဆက်ကာ ရှင်းပြရသည်။ မေဆွိကလည်း တော်ယုံနှင့်တော့ စုံတွဲဆိုရန်ခေါင်းမညိတ်။ သည်တော့ကျနော်အိမ်မှာ အပျော်ဆိုသွင်းထားသော သီချင်းများကို အမ်ပီ၃ဖိုင် ဖြင့် အီးမေးလ်ဖြင့်ပို့ကာ နားထောင်စေပြီးမှ သဘောတူခဲ့သည်။ ဒေါ်မာမာအေးမူရင်းသီချင်းကို လည်း ကီးတထပ်တည်း ကျနော်ထပ်ဆိုပြီးပို့ပေးရသည်။ ဖုန်းခဏခဏဆက်ရတိုင်ပင်ရသည်။ အစစ အဆင်ပြေလှအောင် ခေတ်မီလာသောနည်းပညာများအတွက် ဂရဟမ်ဘဲလ်၊ ဘီလ်ဂရိတ်နှင့် တကွ ပညာရှင် အားလုံးကိုကျေးဇူးတင်ရပါသည်။ သို့သော် ဘယ်မှာ ဘယ်လိုအတူ အသံသွင်းကြမည်ကို မဆုံးဖြတ်နိုင်သေး။ သူမက CENTURY CONCERT အတွက် စင်ကာပူလာဖို့ ရှိသော်လည်း တိုက်တိုက် ဆိုင်ဆိုင် ထိုရက်များမှာ ကျနော်က ရန်ကုန်မှာ အသံသွားသွင်း ရန်စီစဉ်ထားပြီးဖြစ်နေသည်။ သည်တော့ အတူတူဆို သွင်းဖို့မလွယ်တော့။ သူမ နေရာမြို့မှာ စတူဒီယိုကောင်းကောင်း မရှိသဖြင့် နယူးယောက်သို့သွားသွင်း ရမည့်အနေ။ အတော်အဆင့်များနေသည်။ ထားလိုက်။ နောက်မှ ကြည့်စီစဉ်မည်။

သရုပ်ဆောင်ကိစ္စ။

ခုခေတ်မှာ အော်ဒီယိုချည်းထုတ်မရတော့။ ထိုအခါ စဉ်းစားရသည်က သရုပ်ဆောင် များကိစ္စ။ ငွေတွေ သိန်းရာချီအကုန်ခံနိုင်တောင်မှ ကိုယ်တိုင်ရန်ကုန်မသွားပဲ ဒါရိုက်တာ ထုတ်လုပ်သူ တယောက် ယောက်ကိုအပ်ပြီး မင်းသားမင်းသမီးများကို မျက်နှာလွှဲခဲပစ် သရုပ်ဆောင်ခိုင်းတာမျိုး မလုပ်လို။ မိမိအိုင်ဒီယာဖြင့်သာလည်း တင်ပြချင်သည်။ ငွေလည်းမတတ်နိုင်။ မဖြုန်းလို။  ရုပ်ချောသော် လှသော်လည်း မိမိမသိသော မရင်းနှီးသော စင်ကာပူရှိ တစိမ်းလူငယ်များကို အကူအညီမတောင်းလို။ အလုပ်လုပ်ရာတွင် ပြေလည်မည်မဟုတ်။ လူသိရှင်ကြား ဟိုးလေးတတကြော်လည်း မဖြစ်ချင်။ ထို့ကြောင့် စင်ကာပူရှိ လူနိုင် လူရင်း ၀ါသနာပါသူလူငယ်များကိုပဲ အကူအညီ တောင်းရန် ဆုံးဖြတ်ခဲ့သည်။ အလုပ်ထဲမှာ အပြင်မှာ ခင်မင်နေသော ညီညီမ တူတူမ အရွယ်လူငယ် လေးများရှိသည်။ ကျနော်တို့စင်ကာပူ ဘူမိဗေဒမိသားစု မိတ်ဆုံပွဲမှာ ဖျော်ဖြေရေး တာဝန်ကျနော်ယူရတော့ ပြဇာတ်တထုပ်ရေးကာ သရုပ်ဆောင်စေခြင်းကစလို့သူတို့တွေလည်း အနုပညာမှာ ၀ါသနာပါ စိတ်ပါခဲ့ကြသည်။ ကျနော့်စေတနာတခုက သူတို့အတွက် လည်း သူတို့ဘ၀မှာ အမှတ်တရဖြစ်စေမည်။ ဇာတ်ညွှန်းများကို သီချင်းအလိုက်သင့်တော်အောင် ကိုယ်တိုင်ရေးသည်။ စင်ကာပူမှာရိုက်ရ မည်ဖြစ်သော်လည်း အတတ်နိုင်ဆုံး မြန်မာ အငွေ့အသက် ရအောင် ကြိုးပမ်းရန် ရည်ရွယ်ခဲ့သည်။ ကင်မရာမင်းက အလုပ်ထဲက ကျနော်၏ လက်ထောက် ဆိုသော်လည်း သူငယ်ချင်းလို ဖြစ်နေသော အင်မတန်စိတ်ရှည်ကာ ဗွီဒီယိုရိုက်ကူး တည်းဖြတ် ၀ါသနာကြီးသော ကိုအောင်နိုင်ကျော်ကိုရွေး ချယ်ခဲ့သည်။
ကျနော်ဆန္ဒစောပုံများ။ ဖေဖော်ဝါရီလ ရန်ကုန်သွား အသံမသွင်းခင် အချို့ရိုက်ကူးရေးများကို ပြီးတန် သလောက်ကြိုပြီးအောင် စထားခဲ့ချင်သည်။ ဒါမှ ရွှေရတုမွေးနေ့အမှီ အခွေထွက်နိုင်မည်။  ထို့ကြောင့် ခရစ်စမတ် ဒီဇင်ဘာ(၂၅)ရက်နှင့် နှစ်သစ်ကူး ဇန်န၀ါရီ (၁ရက် ၂ရက်) ပိတ်ရက်တွေကို အကျိုးရှိရှိသုံးရန် ရိုက်ကူးရန်စီစဉ်ခဲ့သည်။ သည်မှာ ဆန္ဒစောခြင်း၏ရလာဒ်စပါတော့သည်။ သီချင်းတပုဒ်ချင်းရိုက်ကူးခဲ့ ပုံများကို နည်းနည်းစီဖော်ပြပါမည်။
သဇင်....။ ခရစ်စမတ်နေ့မှာ ရုက္ခဗေဒ ဥယျာဉ်မှာ သဇင်သီချင်းကိုစရိုက်သည်။ တချိန်က ဇော်ဝမ်း၏ နာမည်ကျော်ရုပ်ရှင် စေလိုရာစေ ဇာတ်ကား ထဲက။ သရုပ်ဆောင်များက အလုပ်ထဲက Geologist ညီလေးများဖြစ်သော ဖြိုးကိုကို၊ ထွန်းပြည့်စုံ နှင့် သမီးငယ် ဆုမြတ်ဝေ။ အဓိပ္ပါယ်အရ ကောင်မလေးနှင့် အမျိုးသား တယောက်က အဆင့်မြင့် ၊ နောက်တယောက်က ပင်မြင့်ထက်ကသဇင်ပန်းကိုလှမ်းမမှီသဖြင့် မျက်နှာငယ်ရသူ။ စင်ကာပူရီယန် အလုပ်ရှင်(အသားဖြူဆွတ်နေသောဖြိုးကိုကို) က မိမိတိတ်တခိုး ချစ်နေရသူ သူငယ်ချင်း သဇင်အား သဘောကျသဖြင့် မိတ်ဆက်ပေးရာက အသည်းကွဲ စွန့်လွှတ်လိုက်ရသော ကျန်ရစ်သူအဖြစ် လူငယ်ဟန် အပြည့်ရှိသူ ထွန်းပြည့်စုံ (အောင်ပြည့်စုံ)က မျက်နှာငယ် လေးဖြင့် သရုပ်ဆောင်ပေးသည်။ ခက်တာက သူ့မျက်မှန်ကိုချွတ်မရ။ ချွတ်လျှင်ဘာမှမမြင်ရဆိုတော့ မတတ်နိုင်။ မင်းသမီး ဆုမြတ်က မျက်နှာ တင်းတင်းနှင့် အံဝင်ဂွင်ကျ။
သို့သော် ဆုမြတ်၏ အမျိုးသား ကိုဟန်မျိုးနောင် နှင့် မိခင်ကြီးပါ ပါလိုက်လာတော့မင်းသား ဖြိုးကိုကိုက အားနာ အနေရခက်။ မိုးတွေကရွာချ။ ရေကန်နားက အမိုးဖြူကြီး အောက်မှာ မိုးခိုရင်း ထွန်းပြည့်စုံကို ဂီတာလေးတီးစေကာ အလွမ်း ရုပ်ရိုက်သည်။ (ပြန်ကြည့်တော့ ဂီိတာကော့ များမကိုင်တတ်သည့်အပြင် မျက်နှာက ပြုံးစိစိ ဖြစ်နေသဖြင့် သုံးမရလိုက်)။  ရွာကျနေသော မိုးဖွဲများကိုမော့ကြည့်သောအခန်းကတော့ အဆင်ပြေသွားသည်။ တကယ်တော့ ပြောသ လောက် မလွယ်ပါ။ တကယ့်ဝါရင့်တွေမှမဟုတ်တာ။ ကျနော်ကလည်း ကြေးစားဒါရိုက်တာကြီးမဟုတ်၊ ကိုအောင်နိုင်ကျော်ကလည်း ကင်မရာမှာ ဇွန်း(Zoom) ကြီးတကားကားနှင့် အတတ်နိုင်ဆုံး ကြိုးစား ရိုက်ပေးပါသည်။ ဆုမြတ် ၀တ်သော အသားကပ်ဘောင်းဘီက နည်းနည်း ကျပ်လွန်းသဖြင့် ဆင်ဆာမှာ အဆင်ပြေပါ့မလား စိုးရိမ်ခဲ့ရသေးသည်။ အပိုလဲစရာလည်းမပါလာ။
အထီးကျန်အရုပ်ဆိုး....။ သည်သီချင်းက စန္ဒရားဦးလှထွဋ်ရေးကာ ဇော်ဝမ်းဆိုခဲ့သော ရေဒီယိုတေး။ သည်သီချင်းကိုလည်း တနေ့တည်း ရုက္ခဗေဒဥယျာဉ်မှာပင် ရိုက်ဖြစ်သည်။ စာသားက စထွက်ကတည်းက  ဖြူနီညိုပြာစိမ်းဝါတွေ ခြယ်သောအခါ ရောင်စုံဖြာ လှလိုက်တာ လူတွေဆိုကြတာ...ဆိုတော့ ပန်းပေါင်းစုံသော သည်နေရာနှင့် အသင့်တော်ဆုံး။ မင်းသားက မျိုးညွန့်ဒွေး။ သူကအရုပ်ဆိုး လို့တော့မဟုတ်ပါ။ အသားညိုညိုညက်ညက် အရပ်မြင့်မြင့် မြန်မာဆန်ကာ မျက်နှာတည်သူမို့ အဆင်ပြေမည်ဟုထင်ရသည်။ သူ့အတွက် စာသားအရ (ဂီတာအိုတလက်နဲ့သာ အဖော်ရှာရတာ..) ဆိုတော့  ဂီတာကြီးကိုလည်း သယ်ရသည်။ အ၀တ်အမျိုးမျိုးလဲစေကာ ဂီတာကိုတီးကာ ထမ်းကာ ထိုင်ကာ ထကာမှိုင်ကာငေးကာဖြင့် နေရာစုံအောင်ရိုက်ရသည်။ ဒွေးက ရေကန်စပ်မှာ ထိုင်ကာ ဘဲအစစ်နှင့် ကြေးဘဲရုပ်လေးတွေကို ရေနဲ့ လှမ်းတောက်နေစဉ် နံဘေးနားက ရွှေမလေးတွေဖြတ်သွားတော့ လှမ်းနောက်ကြသေးသည်။ စာသားအရတကိုယ်ရေအထီးကျန်နေသဖြင့် မင်းသားက ဘာမှလုပ်စရာ သိပ်မလို၊ မျက်နှာ တည်တည်ဖြင့်နေယုံသာ။ ဒါတောင် သူလည်း ဂီတာတီးခန်းမှာ ပြုံးစိစိလုပ်သေးသည်။ စိတ်ကူးထဲက မိန်းကလေးအတွက် သမီး ဆွီိတီကို သရုပ်ဆောင် စေသည်။ (ဘ၀စိုပြည်စရာ အလှလိုနေတာ အလှဆိုတာ အဖော်ပဲဖြစ်မှာ...)  ဖြတ်လျှောက်ယုံ။ အဆင်ပြေသည်။ စာသားနှင့်အရုပ် အချိန်မလောက်မှာစိုးသဖြင့် ပိုပိုသာသာ ရိုက်ထားရသည်။ သို့သော် အစိမ်းရောင်တွေကများနေသဖြင့် တခြား တနေရာရာရှုခင်းများမှာ ဖြည့်စွက်ရိုက်ဦးမည်ဟုရည်ရွယ်ခဲ့သည်။ ခရစ်စမတ်နေ့အတွက် သီချင်း၂ပုဒ်စာ အခန်း အချို့သာပြီးခဲ့သည်။
မျက်ဝန်းမှတဆင့်...။ ဟူုသော တချိန်က နာမည်ကျော် စုံတွဲသီချင်းမှာ ကောင်လေးက ကောင်မလေးကို ခရေပန်းလေးပန်ပေးခြင်းက အဓိကပါနေသည်။ ပြလည်းပြချင်သည်။ စင်ကာပူမှာ ခရေပန်းမရောင်း။ ခရေပင်များရှိ သော်လည်း ကိုယ့်အနီးအနားမှာမရှိသလို မနက်ဆို တံပျက်လှည်း သွားသောကြောင့် ပန်းအကြွေတွေ တကူးတကန့် ကောက်ကာ သီကုံးဖို့မလွယ်။ သည်တော့ အတုဝယ်ရန် ဒီဇင်ဘာ ၃၀ရက်ညဂျူတီဆင်းအပြီး အိပ်ရေးဝအောင်ပြန်မအိပ်နိုင်သေးပဲ ၃၁ ရက်နေ့နေ့ခင်း နေပူပူမှာ စီရန်ဂွန်းရှိ ကုလားတန်း ပန်းဆိုင်များမှာလျှောက်ရှာသည်။ စံပါယ်တွေသာများ နေသည်။ ခရေမတွေ့။ နေကအရမ်းပူသည်။ ထိုစဉ်ရုတ်တရက်မိုးသဲသဲ ရွာချသည်။ ထီးမရှိသဖြင့် နီးရာ အမိုးရောက်ရန်ပြေးရင်း မိုးမိသည်။ တကိုယ်လုံးရွဲသည်။ မိုးစဲတော့ အနားက တက်ကာမောလ် အပေါ်ဆုံးထပ်မှာ ခရေနှင့်တူသော ပန်းဝါညိုညို သေးသေးလေးများကိုဝယ်ကာ ပြန်ခဲ့သည်။ အိမ်ရောက်တော့ ကိုယ်ခြစ်ခြစ်တောက်ပူနေပြီ။ သမီးကို ပန်းကုံးသီရန်မှာကြားပြီး ဆေးသောက်စောင် ခြုံကွေးတော့သည်။ ပြီးတော့ ညဂျူတီပြန် ဆင်းရသည်။
နောက်နေ့ ၁ရက်နေ့ တရေးအိပ်ပြီး ညနေပိုင်းမှာ အချိန်ရှိခိုက်လုံ့လစိုက်။ ထွန်းပြည့်စုံ ဒွေးနှင့် ကိုအောင်နိုင်ကျော်ကို ချိန်းဆိုပြီး အိမ်ခေါ်ကာ အိမ်ထဲနှင့် အိမ်နားတ၀ိုက် လှည့်ပတ်ရိုက်လိုက်ပြန်သည်။ အထီးကျန်အရုပ်ဆိုးနှင့် သဇင်အတွက် ဒွေးဂီတာတီးသောအခန်းများနှင့် ထွန်းပြည့်စုံ ကောင်မလေးကို ဖုန်းဆက်သောအခန်း။ (သဇင် သီချင်း အတီးပိုဒ်မှာထဲ့ရန်)။ HDB တိုက်ခန်းများဝန်းကျင်ကိုလည်း ပြချင်သဖြင့် စုံအောင်လှည့်ပတ်ထဲ့ရိုက်ရသည်။ ဘီဒုတ်မြောက်၏တောင်ကုန်းလေးပေါ်မှာ။ သူတို့တတွေ Aljunied, Eunos စသောနေရာများမှာနီးနီးနားနားနေကြသည်ကို ကျေးဇူးတင်ရသေးသည်။ (ဓါတ်ပုံလေးများကို နောက်အပိုင်းများတွင်ဖော်ပြပေးပါမည်)
ညဘက်မှာ ကိုင်ရိုက်ခံထားသလိုနာကျင်ကိုက်ခဲ ခေါင်းတွေမူးနေသော်လည်း နောက်နေ့မှာ ရိုက်ဖို့  အားလုံးကို ချိန်းထားပြီးပြီလေ။
မျက်ဝန်းမှတဆင့်...။
နောက်နေ့ ၂ ရက်နေ့မနက်။ အလွန်ဖျား နေပြီ ဖြစ်သော်လည်း အားလုံးကိုချိန်းထားပြီးပြီမို့မဖျက်လိုတော့ပဲ စရိုက်ကြသည်။ ဆီလက်တာ ရေလှောင်ကန်ကြီးနားက ခရေပင်မြင့်ကြီးတွေ အောက်နှင့် ရေကန်နံဘေး တ၀ိုက်မှာ။ သီချင်းမှာ ပါသူရော မပါသူရော တပျော်တပါးအတူ သွားကြသည်။ မင်းသားက မျိုးညွန့်ဒွေး ပင် ။ သူက ရန်ကုန်ပြန်စရာရှိသောကြောင့် သူပါ သောသီချင်းကို ပြတ်အောင်ရိုက်နှင့်ရသည်။  မင်းသမီးက ဇင်ဇင် (အောင်ကျော်ခိုင်၏ အမ)။ သူတို့ကို မြန်မာလိုဝတ်စားထုံးဖွဲ့စေပြီး မနေ့က သမီးလေး သီပေးလိုက်သော ခရေပန်းကုံးနှင့်။ (လှသထက်လှအောင်ပဲ ခရေကုံးလေးကို ပန်ပါကွယ် ..ပိုလှတယ် ညိုမြရယ် ခရေပန်ဦး ထုံးကြော့နွယ်... အိုလှတယ်လား ထပ်ပြောစမ်းပါဦးတော့မောင်ရယ်..ပန်းကပဲ လှတာလား လူကလှတာ လားကွယ်..) နှစ်ဦးလုံး မရှက်ကြပဲ အဆင်ပြေပြေ သရုပ်ဆောင်ကြ ပါသည်။ ဘေးကနေ ကျနော်က သီချင်းစာသားကို ဆိုပေးရသည်။ အောင်ကျော်ခိုင်၊ ထွန်းပြည့်စုံနှင့် ဖြိုးကိုကိုတို့က မီးထိုးမှန်ထိုး။ သီချင်းတကြော့ကို မြန်မာဆန်ဆန်  ကျန်တ၀က်ကို ခပ်လန်းလန်းရိုက်မည် ဖြစ်သဖြင့် နေ့လည်တွင် Chinese Garden park သို့ကူးကြသည်။ ဒွေးကတီရှပ်နက် ဂျင်းပင်န်၊ဇင်ဇင်ကလည်း ဘလောင်နက် စကပ်ရှည်ဖြူ ဆံပင်ဖားလျားချလို့။ (ခရေပန်းလေးပန်းအဖွေးသား စမ်းနံဘေးနား အတူလျှောက်လည်...) နေရာအတွက် ပန်းခြံထဲက စမ်းချောင်းလေးထဲက ကျောက်တုံး တွေပေါ် ဖေးမ ပြေးလွှားနေသည်ကိုရိုက်ရသည်။ ကျနော်က စာသားတခုချင်းကို အနုအရွပြချင်လွန်းသောကြောင့် ကဒ်အများကြီးဖြစ်နေခဲ့ရပါသည်။
မေခင်ကျနော့်အချစ်တော်....၊။ ထိုနေ့မှာပင် အောင်ကျော်ခိုင်နှင့် သူ့ဇနီးသီရိတို့အားလည်း ၀င်းဦး၏ သီချင်းအမြူးလေးအတွက် ပန်းခင်းတွေကြားရိုက်ခဲ့ရသေးသည် ။ လင်မယားဖြစ်နေသောကြောင့် ကြောင်ခြင်း ရှက်ခြင်းမရှိ အသက်ဝင်နေသည်။ (နောက်ပိုင်း ထိုသီချင်းကို မသုံးဖြစ်ခဲ့ပါ) ။
အိပ်မက်ပန်းချီိးုင်ယာရီ(၂) ဆက်လက်ဖော်ပြပါမည်။

Tuesday, 31 January 2012


လေးစားရပါသော မြန်မာစာချစ်သူများခင်ဗျာ.. ကျနော့် အနုပညာဝါသနာက စာရေးခြင်းနဲ့သီချင်းဆြိုခင်းပါ။ ကလောင်နာမည် အမျိုးမျိုးနဲ့ စာတွေရေးခဲ့ဖူးပါတယ်။ ရန်ကုန်က မဂဇင်းဂျာနယ်အချို့နဲ့ အများစုကတော့ စင်ကာပူမှာထုတ်တဲ့ ရွေမြန်မာမဂဇင်းမှာပါ။ တခါတလေကျတော့ လည်း လူအများကိုကိုယ်စားမပြု တဲ့အကြောင်းအရာလေးတွေ အပေါ်မှာ ခံစားချက် အတွေးလေးအမြင်လေးတွေဖြစ်ရတဲ့အခါ စာချစ်သူများကို ဝေမျှချင်စိတ်ဖြစ်မိလို့ ဒီဘလော့ကိုဖန်တီးပါတယ်။ အချိန်အားရတဲ့အခါရေးပါ့မယ်။