အိပ်မက်ပန်းချီ ဒိုင်ယာရီ (၆)
ကျနော်တခုခုကိုဆုံးဖြတ်ရတော့မည်။ ကားဆရာကိုတောင်းပန်ပြီးကားပေါ်မှဆင်းကာ ပိတ်နေသော ကားများ၏ရှေ့ဆုံးနားသို့ပြေးကာ တက်စီတစီးအားပြောင်းစီးမှဖြစ်တော့မည်။ သူက မကျေနပ်သော်လည်း ကျနော် လေဆိပ်အချိန်မီရောက်ရမည်ကို သူသိသည်။ ကျနော်ဆင်းပြီးဟိုသည်ကြည့်သော်လည်း အခြေ အနေကမကောင်း။ ထိုစဉ်ကျနော်တို့တက်စီရှေ့က ကားတချို့ လမ်းကြားတွေထဲကွေ့ဝင်သွားသည်။ ကံကောင်းထောက်မစွာ တလမ်းစာမောင်းလို့ရသောအခါ အမြန်ပြန်တက် သုတ်ခြေတင်ခဲ့ရသည်။ မီးခိုးတွေကိုလည်း မြင်နေရသည်။ လူတွေပြေးလွှားနေကြသည်။ သည်လိုနှင့်လေဆိပ်ကို အချိန်ကပ် ရောက်သွားသည်။ အရေးထဲ ဘူမိဗဒဌာနက ဆရာမတယောက်က သြစတေးလျသို့ ပေးပို့ဓါတ်ခွဲရန် ကျောက်နမူနာများ စင်ကာပူသို့လူကြုံပေးလိုက်သည်ကို ရတနာမဟုတ်ကြောင်း စာမပါသဖြင့် အကောက် အခွန်မှရစ်နေသည်။ အချိန်ဘယ်လိုမှ မရှိတော့သဖြင့် ထားပစ်ခဲ့ရသည်။ စင်ကာပူသို့ပျံသန်းခဲ့ပြန်ပါပြီ။ နောက်နေ့အလုပ်ဆင်းရမည်။ အော်... အချိန်ရှားလှသော စင်ကာပူဘ၀မှာ အလွန်အလုပ်များသော အမ်တီဗွီကိုမှ ဖန်တီးချင်လှသည်ကိုး။
ရန်ကုန်မှာ အသံသွင်းသောကိစ္စပြီးတော့မှ ရိုက်ကူးရေးအပိုင်းတွေကို စင်ကာပူတွင် ပြန်လည်အာရုံ ထားရတော့သည်။ ဆက်လက်ပြီး သီချင်းတပုဒ်ချင်းရိုက်ကူးရေးအကြောင်းတွေကို သီချင်းအလိုက်ပြော ပြပါမည်။
ပိတောက်ချစ်သူ
ဇော်ဝမ်း မာမာအေးတို့၏နာမည်ကျော် ရုပ်ရှင်စုံတွဲတေး။ တေးသံရှင်အတော်များများကလည်း ပြန်ဆိုခဲ့ကြပါသည်။ ရာမ မေဆွိ။ ရာဇာဝင်းတင့် နီိနီဝင်းရွှေ။ ကျနော်က ဒေါ်နွဲနှင့်ဆိုထားသည်။ စတီရီယို ဘုရင်မကြီး၏ မြန်မာသံဆိုဟန်ကို အများကြိုက်ကြမည်ဟုယုံကြည်သည်။ ထို့ကြောင့် ဗွီဒီယိုကိုလည်း လှလှပပလေး ရိုက်ချင်သည်။
ကျနော်တို့လွန်ခဲ့သော ၃၄ နှစ် -၁၉၇၇ ခုနှစ်။ ဒေသကောလိပ်ကျောင်းသားဘ၀ကတည်း ကရော နောက်ပိုင်း အလုပ်ထဲမှာရော ခင်ခဲ့ကြ သော ငယ်သူငယ်ချင်း သစ်သစ်(ဒေါ်ခင်ပြုံးသစ်) က တက္ကသိုလ်မှာ ကတည်းက ပြဇာတ်သရုပ်ဆောင် အငြိမ့်မင်းသမီး။ မိုးနတ် သူဇာမှာလည်း သီတာဝင်း ဇာဂနာတို့နှင့်အတူ ကခဲ့သည်။ စင်ကာပူသို့ အမျိုးသား ဒေါက်တာ မြတ်မော်ထွန်းနောက် လိုက် လာရင်း နေထိုင် ရာက ပိုလီကျောင်းများ အခြား ကပွဲ များတွင် အကဆရာမ။ သစ်သစ်တို့၏သမီး လေး သဲသဲ(နှင်းဝေမော်)ကပါ အမေ့ခြေရာနင်းကာ ရုပ်ရည်လည်းလှပ အကလည်း ကောင်းလှသည်။ သူ့ကို မင်းသမီးအဖြစ်ရွေးသည်။ မင်းသားကတော့ စင်ကာပူ ကျောင်းသားဟောင်းများ၏ စွယ်တော်ရိပ် အကသဘင်မှာ ပင်တိုင်ပါဝင်ခဲ့သော မျိုးနေအောင် (မင်းစက်) ဖြစ်သည်။ သူတို့အားပြောဆိုညှိနှိုင်းပြီး ရိုက်ရန်ဇာတ်ညွှန်းကို သစ်သစ်နှင့်တိုင်ပင် ရေးခဲ့ကြသည်။ ကင်မရာမင်းနှင့် ပိတောက်ပန်းကိုချစ်သော ကောင်မလေးတို့ဇာတ်လမ်း။
တပုဒ်လုံးကို မြန်မာဆန်စေချင်သည်။ မြန်မာဝတ်စုံများစီစဉ်ရသည်။ သစ်သစ်ကအဓိကဖြစ်သည်။ မင်းသမီးအတွက်အ၀ါရောင်ဝတ်စုံမျိုးစုံနှင့် မင်းသားအတွက် မြန်မာဝတ်စုံပုဆိုးအမျိုးမျိုး။ မင်္ဂလာ လက်ထပ် ၀တ်စုံပါပါသည်။ ကျနော် ဗျာအများရဆုံးကတော့ ပိတောက်ပင်။ စင်ကာပူမှာ ပိတောက်ပင်က ပေါလှပါသည်။ သို့သော် အမြင့်ကြီးတွေဖြစ်ပြီး ပန်းက ပွင့်ချင်မှပွင့်သည်။ သည်တော့ အနီးကပ် အပင် ပုပုမှာ ပိတောက်ပန်းအတုများတပ်ရိုက်နိုင်ဖို့ရှာလိုက်ရသည်မှာ နောက်ဆုံး ဂေလမ်း လမ်းသွယ် (၃၆) အနီးက ရေမြောင်းကြီးနားမှာ လူတရပ် သာသာ အမြင့်တွင် အခက်များကျနေသော အပင်ပုများ တွေ့သည်။ (ထိုနေရာအနီး ဒါကိုတာဘူတာ တည်ဆောက်စဉ်က တာဝန်ကျခဲ့စဉ်က ပိတောက်တွေပွင့် သည်ကိုမြင်ခဲ့ သော နေရာဖြစ်သည်။)။ ထိုနေရာကိုပဲရွေးချယ်ရသည်.။ အနားက အိမ်တွေကလည်း အုတ်ကျွတ်နီမိုး တထပ်အိမ်လေးများ။ ကတ္တရာ လမ်းကကျဉ်းကျဉ်း။ ရန်ကုန် စမ်းချောင်း ကျောက်မြောင်းလိုမျိုး.။
ပိတောက်ပန်းခြောက်များကို ၀ိုင်ယာအစိမ်းနှင့် လိုက်တပ်။ ဖြူယော်နေသော ပန်းများကိုတော့ အ၀ါရောင် စပရေးဖြင့်မှုတ်။ ထိုစဉ်မင်းသမီးအမေက ကိုမော့်ကားပေါ်မှာပင်ထိုင်ကာ သမီးကိုမိတ်ကပ်လိမ်း ဆံထုံးထုံးအ၀တ်လဲ။ မင်းသားက ကျနော်တို့ ၀ိုင်းယူလာသော ရှပ်အကျီ င်္လှလှများ ပြောင်ပြောင် လက်လက် ပုဆိုးများကိုရွေးချယ်။ ကိုအောင်နိုင်ကျော်က ကင်မရာကြီးနှင့် မှန်ဘီလူး ဒေါက်များဖြင့် အလုပ်ရှုတ် နေကြသောအဖြစ်ကိုမေ့မရ။ ပလက်ဖောင်းပေါ်မှာလည်း ပိတောက်ပန်းအတုနှင့် ပိတောက်ရွက်အစစ်များကို ဖြန့်ကျဲချရသေးသည်။ (ပိတောက်လမ်းဝယ်..နှစ်ယောက်မှန်းရွယ်.. လျှောက် လှမ်းကြမယ်လေး.....) ။ ကျနော်က စာသားတိုင်းကို လိုက်ဘက်အောင် အရုပ်ပြချင်သည်။ နံဘေးက အိမ်များက စိတ်ဝင်တစားထွက်ကြည့် ကြသည်.။ လူရှင်းသော ရပ်ကွက်မို့ ပြသနာမရှိ။ နောက်ခံ မြင်ကွင်းမှာဖြတ်ဖြတ်သွားသော တရုတ်ကုလားများ၊ အင်္ဂလိပ်စာလုံး ကားနံပါတ်ပြားများ ကိုပဲသတိထားရ သည်။ နှင်းဝေေ၀နှင့်မင်းစက်ကတော့ အမူအရာများ တော်ကြပါပေသည်။
မင်္ဂလာဆောင်ခန်းအတွက် ညနေတွင်မြို့ထဲပြေးရသည်။ ရည်ရွယ်သော ဟိုတယ်က လုံခြုံ ရေးက ကြီးကျယ်သဖြင့် စင်ကာပူ မင်္ဂလာ စုံတွဲများ အမြဲဓါတ်ပုံရိုက်ကြသည့် လှေကားထစ် ကြီးများ နှင့်လှပသော CITY HALL မြို့တော်ခမ်းမ ကိုသွားကြပြန်တော့ကြံကြံဖန်ဖန် Renovation မို့ ၀င်းခတ်ထားသည်။ အမျိုးသား များ ရိုက်ကွင်း နေရာသစ် လျှောက်ရှာနေကြတုန်း သစ်သစ်က သမီးကို နီးရာ ချောင်မှာ ကွယ်ထိုင် ခိုင်းပြီး ဆံထုံးထုံးရသည်။ နောက်ဆုံး သြချတ်နား က မိတ်ဆွေတဦး၏ ကွန်ဒိုအိမ်မှာပဲ ရိုက်ရန်ဆုံးဖြတ်ပြောဆိုပြီး အပြေးသွားကြရသည်။ မိုးချုပ်လုပြီမို့ရေကူးကန်နားမှာ မင်္ဂလာစုံတွဲလမ်း လျှောက်ဟန် အမြန်ရိုက်ပြီး ကျန်သော အခန်းများကိုတော့ အိမ်ထဲမှာပဲ လှည့်ပတ် ရိုက်ရတော့သည်။ အိမ်ကခန်းနားလွန်းသောကြောင့် ရိုက်ကွင်းများလည်း သားနားလှပပါသည်။ သတို့သမီးဝတ်စုံက ဆန်းပြား ခန်းနားလှသည်မို့ သစ်သစ်တို့သားအမိမှာ ညကတည်းက အတော်ပြင်ဆင်ထားရသည်။ မင်းစက်ကလည်း တောင်ရှည်မ၀တ်တတ်။ သစ်သစ်ပဲဝတ်ပေးရ။ ဇာတ်လမ်းကို ဖြစ်သလိုမပြပဲ ချဲ့ထွင်ချင်သမျှ အလုပ်ရှုတ်ရ တော့သည်။ ဒါတောင် သင်္ကြန်မှာကပွဲမှာတွေ့ကြတာတွေကို သင်္ကြန် ကာလအစစ်မှာ တကယ်ရိုက်ဖို့ ချန်ထားသေးသည်။ ကောင်မလေးအိမ်ကို ကောင်လေးက လာလည်ရင်း ဓါတ်ပုံကြီးပေးသောအခန်းမှာ မြန်မာ့ယဉ်ကျေးမှုအရ အိမ်ထဲ နှစ်ယောက်ထဲဖြစ်နေလျှင်မသင့်တော်ဟု ထင်သဖြင့် မိခင်ကြီးက ခပ်လှမ်းလှမ်းမှ ဘုရား သောက်တော်ရေကပ်ခြင်း စသည်တို့ပြုနေဟန် ထည့်ပြချင်တော့ သစ်သစ်ပဲ ကပျာကယာ ဆံထုံးထုံးကာ ၀င်ပါရတော့သည်။ အဲသည်ညက ရိုက်ရင်း ပြန်ရိုက်ရင်းမိုးချုပ်ကုန်ကြ သည်မှာ အိမ်တွင် တယောက်ထဲ ကျန်ခဲ့သော သစ်သစ်မိခင်ကြီးက လှမ်းဖုန်းဆက်တော့မှပဲ ရှူတင်သိမ်းရ တော့သည်။ အိမ်ရှင် ကိုအောင်-မမိုးနှင့် စိတ်ရှည်လှသော ကိုမော်ကြီးအား အလွန်ကျေးဇူး တင်ရပါသည်။
မကြာခင် သင်္ကြန်တကယ်ကျလာတော့ ဆင်ဘာဝမ်ရပ်ကွက် မဏ္ဍပ်မှာ အမှန်တကယ်ကပြဖျော်ဖြေသော ယိမ်းအဖွဲ့ခေါင်းဆောင် နှင်းဝေေ၀ အား စင်အောက်မှ ဓါတ်ပုံဆရာမင်းစက်က အဆင်းလာ စောင့် ရေလောင်း ပိတောက်ပန်းပေးခန်း ကို အမှတ်တမဲ့ လူကြားထဲသွားရိုက်ရသည်။ ကျနော်က အလုပ်မှာ မနက်ခင်းစောစော ဂျူတီကျနေရာ ကျနော်မပါပဲ သွားရောက်အပင်ပမ်းခံရိုက်ပေးခဲ့သော ကိုအောင်နိုင် ကျော်နှင့် မင်းသား မင်းသမီး မိသားစုအားကျေးဇူးတင်ရပါသည်။ မကြာခင် ပင်မြင့်များတွင် ပိတောက်ပန်းအစစ်တွေ လည်း ကံကောင်းထောက်မစွာ ဖူးပွင့်လာရာ အားပါးတရရိုက်ပြီး Video editing လုပ်သောအခါတွင် ဝေေ၀ဆာဆာ ညှပ်ထည့်ခွင့်ရခဲ့ပါသည်။ မြန်မာဝတ်စုံများကို တခန်းတနား လှပစွာဝတ်ထားသော မင်းသမီးချောလေးနှင်းဝေေ၀ မင်းသားချောလေး မင်းစက်တို့၏ သရုပ်ဆောင် ကွက်များ၊ စင်ကာပူရှုခင်းအလှများနှင့် ကျနော်+ဒေါ်နွဲ့ယဉ်ဝင်းတို့၏ စုံတွဲအဆိုတို့ကိုနားဆင် ခံစားလိုလျှင်ဖြင့်....။